Friday, August 28, 2015

ဂိုးမိုးခေါင်နေမှုကို ဟက်ထရစ်သွင်းကာ ရွန်းနီအဆုံးသတ်ပြီး မန်ယူက ဘရုဂ်ျအား အနိုင်ယူ




သြဂုတ်၂၆ရက်က ချန်ပီယံလိဂ်ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ကလပ်အသင်း မန်ယူနဲ့ ဘယ်လ်ဂျီယံကလပ်အသင်း ဘရုဂ်ျတို့ရဲ့ ပွဲစဉ်မှာ မန်ယူက လေးဂိုးပြတ်နဲ့အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ခုနစ်ဂိုး- တစ်ဂိုးနဲ့နိုင်ကာ ချန်ပီယံလိဂ်အုပ်စု အဆင့်ပြိုင်ပွဲတွေဆီကို အရောက်လှမ်းနိုင်ခဲ့ပါပြီ။ မန်ယူက ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး တိုက်စစ်ကို ထုံးစံအတိုင်း ရွန်းနီကဦးဆောင်ကာ ကစားခဲ့ပါတယ်။
ဘရုဂ်ျကတော့ ပြီးခဲ့တဲ့အကျော့က အသုံးပြုခဲ့တဲ့ ကစားကွက်အတိုင်း ၄-၁-၃-၂ကစားကွက်ကိုပဲအသုံးပြု ပြီး အိမ်ကွင်းမှာ မန်ယူကို အသာရဖို့တိုက်စစ်ဖွင့်ပြီး ကစားခဲ့ပါတယ်။ ဒါပေမယ့် မန်ယူဟာ ပွဲအစမိနစ်၂ဝမှာပဲ ဒီပေးရဲ့ ကန့်လန့်ဖြတ်ပေးပို့မှုကို ရွန်းနီကဘရုဂ်ျ ဂိုးသမား ဘိုလက်ကိုကျော်ပြီး အပိုင်ကန်သွင်းယူခဲ့လို့ မန်ယူအဖွင့်ဂိုးစရပါတယ်။ ဒီဂိုးဟာ ရွန်းနီအတွက် ၈၇၈
မိနစ်ကြာ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်ပေးနိုင်ခဲ့တဲ့ဂိုးဖြစ်ရုံမျှမက သူ့အတွက် ချန်ပီယံလိဂ်သွင်းဂိုး ၃ဝ ပြည့်မြောက်ခဲ့တဲ့ဂိုးလည်းဖြစ်ခဲ့ပါတယ်။ နောက်ပွဲချိန် ၄၉မိနစ်နဲ့ ၅၇ မိနစ်တို့မှာ ရွန်းနီကပဲ ဂိုးတွေထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့် ဟက်ထရစ်ဂိုးရရှိခဲ့တဲ့ ကစားသမားဖြစ်ခဲ့သလို သူ့အပေါ်ဝေဖန်မှုတွေကိုလည်း ချေဖျက်ပြနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်းရွန်းနီက ''ရိုးရိုးသားသားပြောရရင် ကျွန်တော်ဟာ စိတ်ဓာတ်အင်အား ကြံ့ခိုင်သူဆိုတော့ ဝေဖန်မှုတွေအပေါ် သိပ်ပြီး ဂရုမစိုက်တတ်ပါဘူး။ ရာသီ အဖွင့်မှာ ဂိုးမသွင်းနိုင်တာဟာ သုံးပွဲ၊ လေးပွဲဒါမှမဟုတ် ဒီထက်လည်းကြာချင်ကြာနိုင်ပါတယ်။အခွင့်အရေးတွေ ရတာနဲ့ တစ်ပြိုင်နက် ကျွန်တော်ဂိုးတွေပြန်သွင်းနိုင်မယ်ဆိုတာ အစကတည်းက ယုံကြည်ထားပြီးသားပါ။ ကျွန်တော် ကိုယ့်အရည်အချင်းအပေါ်မှာလည်း ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဘူးပါဘူး'' လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ဒီပွဲရဲ့ ပွဲသိမ်းဂိုးကိုတော့ ပွဲချိန် ၆၃ မိနစ်မှာ ဟာရဲရား က သွင်းယူပေးတာဖြစ်ပါတယ်။ မန်ယူအနေနဲ့ ပင်နယ်တီ ပြစ်ဒဏ်အပါအဝင် သေချာပေါက်နောက်ထပ်ဂိုးရမယ့် အခွင့်အရေးတွေ ထပ်ရသေးပေမယ့် ဟာရဲရားနေရာမှာ လူစားဝင်လာတဲ့ ဟာနန်ဒက်ဇ်ဖြုန်းတီးပစ်ခဲ့လို့ ဒီထက် ဂိုးရမယ့်အခွင့်ရေးတွေဆုံးရှုံးခဲ့ရပါတယ်။
ဒီပွဲမှာ ရွန်းနီကောင်းခဲ့သလို မန်ယူနောက်တန်းက လုခ်ရှောနဲ့ ကွင်းလယ်လူရှဝိန်းစတိုင်ဂါတို့လည်း ခြေစွမ်း ပြနိုင်ခဲ့ကြပါတယ်။ ကွင်းလယ် တိုက်စစ်ကို ပုံဖော်ခဲ့ကြတဲ့ ဟာရဲရား၊ မာတာနဲ့ ဂျာနျူဇက်တို့ဟာလည်းရွန်းနီရဲ့ သွင်းဂိုးတွေရရှိစေဖို့ ပုံဖော်နိုင်ခဲ့ကြလို့ မန်ယူတိုက်စစ် ဟာ ပွဲအစ အဆုံးတောက်လျှောက် ကျဆင်းသွားခြင်း မရှိခဲ့တာဖြစ်ပါတယ်။ကွင်းလယ်ဒိုင်အဖြစ် စပိန်လူမျိုး အန်တိုနီယို လာဟိုကကိုင်တွယ်ခဲ့တာဖြစ်ပါ တယ်။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရွန်းနီကပဲ ဆွတ်ခူးရရှိခဲ့ပါတယ်။
[ရွိုင်ယန်ဟေဒင်]

No comments:

Post a Comment