Friday, August 28, 2015

မဲစာရင်းကြည့်ကြပါစို့


၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည်။ ယင်းသို့နီးကပ်လာချိန်တွင် ရွေးကောက်ပွဲမကျင်းပမီ မဲပေးခွင့်ရှိသူများသည် မိမိတို့၏အမည်များ မဲဆန္ဒရှင်စာရင်းတွင် ပါ မပါ၊ မှန် မမှန် ဦးစွာကြည့်ကြဖို့ လိုပေလိမ့်မည်။
လက်ရှိတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နေ့စဉ် လူမှုဘဝ ထဲတွင် ရုန်းကန်လှုပ်ရှားကျင်လည်နေကြရာတွင် အချို့အနေဖြင့် အခက်အခဲ အမျိုးမျိုးကြောင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမှုမဲ့အမှတ်မဲ့နေလိုက်ကြ သူများရှိသလို အချို့အနေဖြင့်လည်း ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိသူ များ၊ မသိနားမလည်သူများလည်း ရှိပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံနှင့်ပြည်သူလူထုတစ်ရပ်လုံးအတွက် အထူးအရေးကြီးသော လုပ်ငန်းစဉ်ဖြစ်သည်ကို ဝိုင်းဝန်း အသိပေးဖို့ လိုပေလိမ့်မည်။ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးစေဖို့ ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမည်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၄ဝကျော် ကာလက ''မဲရုံ..မဲရုံဆီသို့ ..သွားကြစို့'' တေးသီချင်းကို သိမီလိုက်ကြသူများ ပြန်ပြောင်းသတိရကြလိမ့် မည်ဖြစ်သည်။ အဆိုပါ တေးသီချင်းသည် ပြည်သူလူထုကြားဝယ် အထပ်ထပ် စိမ့်ဝင်ပျံ့နှံ့ပြီး မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်များ မဲပေးရမည့် စိတ်ဆန္ဒများ နိုးကြား တက်ကြွလာကြသည်ကို သတိရမိသည်။
ယနေ့ကာလတွင် အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒမဲပေးခြင်း အသိအမြင် များ နည်းပါးနေသည်ကို ကြားသိနေရပါသည်။ ငါးနှစ်မှ တစ်ကြိမ်ကျင်းပသည့် ပြည်လုံးကျွတ်မဲပေးခြင်းလုပ်ငန်းစဉ်မှာ နိုင်ငံနှင့်ပြည်သူအတွက် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်၍ မဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိနိုင်အောင် ဆောင်ရွက် ခြင်းသည် အမျိုးသားရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
တိုင်းပြည်နှင့် လူမျိုးအကျိုးကို ပြည်သူများကိုယ်စား ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန် လေ့လာရွေးချယ်ပြီး ဆန္ဒမဲပေး ခြင်းသည် နိုင်ငံရေးတွင် ပြည်သူများ အသိစိတ်ဓာတ်ရှိစွာဖြင့် ပါဝင်ဆောင် ရွက်ခြင်းဖြစ်သည်။ တစ်နည်းဆိုလျှင် နိုင်ငံ့အကျိုးအတွက် ပြည်သူတစ်ဦးချင်း အနေဖြင့် တာဝန်ကျေအောင် ပါဝင်ဆောင်ရွက်လိုက်ခြင်းလည်းဖြစ်ပါသည်။
ယခုအခါ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပေါ်ရပ်ကွက်များတွင် အရပ် ဘက်လူမှုရေးအဖွဲ့အစည်းတစ်ခုက ဦးဆောင်၍ မဲဆန္ဒရှင်များအား အသိပေး နှိုးဆော်ခြင်း လှုပ်ရှားမှုတစ်ခုကို သြဂုတ် ၂၄ ရက်မှစတင်ကာ ၁ဝ ရက် ကြာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုသို့သော လုပ်ဆောင်မှုသည် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးမဆုံးရှုံးအောင် အသိတရားဖြင့် ပါဝင်ဆောင်ရွက်ခြင်းဖြစ်၍ ပြည်သူများအနေဖြင့် အသိ အမှတ်ပြုရမည်ဖြစ်သည်။
ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကို မဲဆန္ဒရှင်များ စိတ်ဝင်စားမှုအားနည်းနေသောကြောင့် မဲပေးနိုင်သည့် နောက်ဆုံးအတည်ပြုစာရင်းကို သွားရောက်ကြည့်ရှုရန်နှင့် ရွေးကောက်ပွဲနေ့ တွင် မဲပေးနိုင်ရန်အတွက် စည်းရုံးလှုံ့ဆော်ပေးခြင်းဖြစ်သည်ကို သိမြင်ရ မည်ဖြစ်ပြီး မဲဆွယ်စည်းရုံးခြင်းမဟုတ်သည်ကို ခွဲခြားသိမြင်ရမည်ဖြစ် သည်။
''မဲစာရင်းကြည့်ကြပါစို့''၊ ''နိုင်ငံသားတိုင်း မဲပေးခွင့် အခွင့်အရေးရှိ သည်'' စသည့်အသိပေးလှုပ်ရှားမှုများနှင့်အတူ အသိပညာပေး လက်ကမ်း စာစောင်များကမ်းခြင်း၊ အသိပညာပေးဟောပြောခြင်း လှုံ့ဆော်မှုများကို မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများမစတင်မီ ယနေ့ကာလတွင် လုပ်ဆောင်ခြင်း သည် သင့်မြတ်လျော်ကန် ကောင်းမွန်မှုရှိပါသည်။
မဲဆန္ဒပေးရေး အသိပေးလှုံ့ဆော်မှုများမှာ အများပြည်သူသိရှိအောင် လုပ်ဆောင်ပေးခြင်းဖြစ်၍ ကြိုဆိုရမည်ဖြစ်သလို ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်၏ လုပ်ငန်းများတွင် အသိတရားဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခြင်းဖြစ်၍ ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြရမည်ဖြစ်ပါ သည်။ ။

No comments:

Post a Comment