Friday, August 28, 2015

မြန်မာယူ-၁၉ အသင်း သရေပွဲကြုံတွေ့




အာဆီယံယူ-၁၉ ပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ်များကို ယနေ့ ညနေပိုင်းက လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှာ သရေပွဲကြုံတွေ့ခဲ့ရသည်။
မြန်မာ ယူ-၁၉ - တစ်ဂိုး
တီမော ယူ-၁၉ - တစ်ဂိုး
အကောင်းဆုံးခြေစွမ်းမရသေးသည့် မြန်မာယူ-၁၉ အသင်းမှာ ရလဒ်ကောင်းရရှိရန် ရုန်းကန်ခဲ့ရပြီး နောက်ကျ ချေပဂိုးကြောင့်သာ သရေတစ်မှတ် ရရှိခဲ့ခြင်းဖြစ်သည်။ နှစ်ပွဲဆက်ရှုံးထားသည့် တီမောအသင်းမှာ ယခုပွဲတွင် မြန်မာအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲပြီးခါနီးတွင် ပေးလိုက်ရ သည့်ဂိုးကြောင့် နိုင်ပွဲထပ်မံ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
ပွဲအစ တစ်မိနစ် မပြည့်မီမှာပင် မြန်မာအသင်းဂိုးစပေးခဲ့ရပြီး မြန်မာနောက်တန်းအမှားကို အခွင့်ကောင်းယူကာ အယ်လ်ဘာတိုက တီမောအတွက် ဂိုးစတင်သွင်းယူပေးခဲ့သည်။ မြန်မာအသင်းမှာ အကောင်းဆုံးပုံစံ မရသေး သည့် အပြင် စောစီးစွာဂိုးပေးခဲ့ရ၍ ကစားကွက်တည်မရခဲ့ဘဲ တီမောအသင်း၏ ဆက်တိုက်ဖိအားပေးခြင်းခံခဲ့ရသည်။
တီမောတိုက်စစ်မှူးများ အပိုင်အခွင့်အရေးများ အသုံးမချနိုင်ခဲ့၍ မြန်မာအသင်း သက်သာရာရခဲ့ သည်။ မြန်မာအသင်းမှာ ချေပဂိုးပြန်လည် ရရှိရန် တိုက်စစ်အားမြှင့်ခဲ့သော်လည်း တီမောနောက်တန်းကို ထင်သလို မခြိမ်းခြောက်နိုင်ခဲ့ပေ။ ၇၉ မိနစ်တွင် ကျော်ကိုကိုဦး၏ ခေါင်းတိုက်ချက် ဘားထိထွက်ခဲ့သလို ၈၇ မိနစ်တွင် အောင်ကောင်းမာန် အပိုင်ကန်ခွင့်ရသော်လည်း အသုံးမချနိုင်ခဲ့ပေ။ ပွဲပြီးခါနီး နာကျင်အချိန်ပိုကျမှ မြန်မာအသင်း ချေပဂိုးပြန်ရခဲ့ပြီး အောင်ဇင်ဖြိုးက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာယူ-၁၉ အသင်းသည် နှစ်ပွဲကစားအပြီးတွင် လေးမှတ်သာ ရရှိသေးပြီး သြဂုတ် ၂၉ ရက်တွင် မလေးရှား နှင့် ကစားရမည်ဖြစ်သည်။
[သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ - MFF]

No comments:

Post a Comment