Sunday, August 2, 2015

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗုဒ္ဓဂယာရှိ သတ္တဌာနဘုရားများ ဖူးမြော်



The Mirror Daily's photo.



နေပြည်တော် သြဂုတ် ၁

အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့သည် ဇူလိုင် ၃၁ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီတွင် ဂယာမြို့ရှိ မဟာဗောဓိစေတီတော်အား ဖူးမြော်ကြည်ညိုပြီး မဟာဗောဓိညောင်ပင်၌ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဗုဒ္ဓဂယာမြန်မာကျောင်းမှသံဃာတော်များက အနေကဇာတင်ပူဇော်ကြကာ မဟာဗောဓိညောင်ပင်ကို ရေချမ်းသွန်းလောင်းကုသိုလ်ပြုကြသည်။

ဆက်လက်၍ နံနက် ၈ နာရီခွဲတွင် စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး ဗုဒ္ဓဂယာဥယျာဉ်တော်အတွင်းရှိ သတ္တဌာနဘုရားများကို လှည့်လည်ဖူးမြော်ကြည်ညိုသည်။
ယင်းနောက် ဗုဒ္ဓဂယာ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီရုံးခန်းတွင် မဟာဗောဓိစေတီတော်မြတ်အတွက် အလှူငွေများ စုပေါင်းလှူဒါန်းကာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် နံနက် ၁ဝ နာရီတွင် ဂယာမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကြပြီး ဆရာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မွန်းလွဲ ၂နာရီ တွင် ဗာရာဏသီမြို့ရှိ ဓမ္မရာဇိကစေတီတော်နေရာသို့ ရောက်ရှိပြီး မိဂဒါဝုန် ဆေးဝင်္ကဘာ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော် ဒေါက်တာအရှင်မဏ္ဍာလနှင့်အတူ စေတီတော်ကို ဖူးမြော်ခြင်း၊ စေတီတော်၏ ပိန္နဲတိုင်နေရာတွင် ရွှေသင်္ကန်းကပ်လှူခြင်း၊ မိဂဒါဝုန် ရခိုင်ကျောင်းတိုက်အတွက် ကြေးဆင်းတုတော်တစ်ဆူ ဆက်ကပ်လှူဒါန်း ခြင်းတို့ကိုဆောင်ရွက်ပြီး ဓမ္မေခစေတီတော်ကို ဖူးမြော်ကြည်ညိုသည်။

ယင်းနောက် မူလဂန္ဓကုဋိဓာတ်တော်တိုက်၌ မိဂဒါဝုန် မြန်မာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
(မြဝတီ)

No comments:

Post a Comment