ရန်ကုန် ဇူလိုင် ၃၁
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ် မစ္စ အင်ဂျလီနာဂျိုလီပစ်နှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲက ကချင်ပြည်နယ် မြစ်ကြီးနား လေဆိပ်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။
မစ္စ အင်ဂျလီနာဂျိုလီပစ်သည် ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ YMCA အဆောက်အအုံတွင် ရွေးကောက်ပွဲအသိပညာပေး လုပ်ငန်းဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် ရောင်ခြည်သစ်အဖွဲ့မှ အမျိုးသမီးများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ၂ဝ၁၅ ခုနှစ် တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အမျိုးသမီးများ ဆန္ဒမဲပေးရာတွင် ပိုမိုပါဝင်နိုင်ရေး၊ လက်ရှိအခြေခံ မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအခြေအနေ၊ ရောင်ခြည် သစ်အဖွဲ့အစည်းမှ မြန်မာနိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်နေသည့် အမျိုးသမီးခေါင်းဆောင်မှုနဲ့ ရွေးကောက်ပွဲ အသိပညာပေးသင်တန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မစ္စ အင်ဂျလီနာဂျိုလီပစ်သည် ညနေ ၄ နာရီ ၃၅ မိနစ်တွင် ပုဇွန်တောင်မြို့နယ် ဘုရားဖြူ ကျောင်းတိုက်၌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့၊ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့မှ ဘာသာရေး ခေါင်းဆောင် ၁၂ ဦးနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ စောင့်ရှောက်ရေး၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
UKaid ၏ Governance Adviserဖြစ်သူ ဒေါ်ပြုံးသက်သက်ကျော်က ''ဒီနေ့ မစ္စ အင်ဂျလီနာဂျိုလီပစ် လာတွေ့တာက မြန်မာအမျိုးသမီးတွေ မဲပေးနိုင်အောင်၊ နောက်တစ်ခုက အမျိုးသမီးဆိုတာ အိမ်မှာနေပြီး ထမင်း ချက်ရမယ်ဆိုတဲ့ ဟာမျိုး၊ နောက် မဲပေးမယ်ဆိုရင်လည်း အဖေတွေ၊ အစ်ကိုတွေရဲ့ လွှမ်းမိုးမှုတွေ ရှိတာမျိုးရှိတယ်။ ဒါမျိုးတွေကို ကျော်လွန်ပြီး မဲဆန္ဒရှင်ပညာပေးခြင်းဆိုင်ရာ အစီအစဉ်တွေကို လုပ်ဆောင်နေတဲ့အဖွဲ့တွေနဲ့ သူတွေ့ တယ်။ ဒီနေ့ တွေ့ဆုံမှုမှာ သူက မဲဆန္ဒရှင်ပညာပေးခြင်း သင်တန်းရရှိတဲ့ အမျိုးသမီးတွေအနေနဲ့ ဒီလိုအသိပညာ တွေ ရရှိတဲ့အခါမှာ ဘယ်လိုခံစားရလဲ။ သူတို့အနေနဲ့ ဘယ်လောက်တိုးတက်လာတယ်ဆိုတာကို အမျိုးသမီးချင်း ဖလှယ်ကြတဲ့အနေနဲ့ တွေ့ဆုံတာပါ။ ရောင်ခြည်သစ်လို့ ခေါ်တဲ့ အဖွဲ့အစည်းပါ။ အမျိုးသမီး ၂ဝ လောက် ဒီနေ့ တွေ့ဆုံမှုမှာ ပါတယ်'' ဟု မစ္စ အင်ဂျလီနာဂျိုလီပစ်၏ ဇူလိုင် ၃၁ ရက် ရန်ကုန်မြို့ခရီးစဉ်နှင့် ပတ်သက်ပြီး ပြောသည်။
YMCA အဆောက်အအုံတွင် မစ္စ အင်ဂျလီနာ ဂျိုလီပစ်နှင့်တွေ့ဆုံခဲ့သည့် ရောင်ခြည်သစ်အဖွဲ့အစည်းမှ ဒါရိုက်တာဖြစ်သူ ဒေါ်ခင်လှက ''ကျွန်မတို့နိုင်ငံမှာ ရွေးကောက်ပွဲနဲ့ဆိုင်တာကို အမျိုးသမီးတွေ ပါလာဖို့ပါ။ ကျွန်မတို့လုပ်နေတဲ့ သင်တန်းအစီအစဉ်ကလည်း အမျိုးသမီး ခေါင်းဆောင်မှုနဲ့ ရွေးကောက်ပွဲအသိပညာပေး သင်တန်းဆိုတော့ ကျွန်မတို့အစီအစဉ် ဘယ်လောက်ထိထိ ရောက်ရောက်လုပ်နိုင်လဲဆိုတာကို လာပြီးတော့ ဆွေးနွေး တာဖြစ်တယ်။ သူစိတ်ဝင်စားတဲ့အရာက မဲစာရင်းစစ်တဲ့ ဟာပါ။ မဲစာရင်းကို လူတွေက ကျွန်မတို့နိုင်ငံမှာ အငြင်း ပွားမှုတအားဖြစ်နေတယ်။ အဲဒါကိုသူက အလွန်စိတ်ဝင် စားတယ်။
လူတွေဆီ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းအချက် အလက်တွေ၊ မဲစာရင်းနဲ့ဆိုင်တာတွေ မှန်မှန်ရောက်နိုင် ဖို့ ဘယ်အပိုင်းက အထောက်အကူပြုလဲ မေးတယ်။ အဓိက အကောက်အကူဖြစ်မယ့်အပိုင်းကို သူတို့ဘက်က လည်း တွန်းအားပေးပြီး လုပ်ဆောင်ပေးမယ်ပြောတယ်။ နောက်တစ်ချက်က သူတို့မနေ့က သမ္မတနဲ့အထက်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့တယ်။ ဒီအခါမှာ IDP က လူတွေ မဲပေးနိုင်ခွင့်ရဖို့အတွက်၊ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်လို့ တွန်းအားပေးတယ်။ လူတွေမဲစာရင်းနဲ့ ပတ်သက်ပြီး များများသိဖို့အတွက် TV ကနေပြီး လူတွေများများသိနိုင်ရင် TV အစီအစဉ်တွေ များများလွှင့်ပေးနိုင်ဖို့ သူတို့ဘက်က ပံ့ပိုးနိုင်မယ့်ဟာကို သူ့ဘက်မှာရှိတဲ့ အလှူရှင်တွေကို တွန်းအားပေးပြီး ပြောကြားမယ်လို့ သူပြောတယ်'' ဟု ၎င်းတို့၏ တစ်နာရီခန့် တွေ့ဆုံဆွေးနွေးခဲ့မှုအကြောင်းကို ပြောသည်။
ဘုရားဖြူကျောင်းတိုက်တွင် မစ္စ အင်ဂျလီနာဂျိုလီပစ် နှင့်တွေ့ဆုံခဲ့သည့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးသာဥာဏ်က ''ဒီနေ့ ဆွေးနွေးမှုကို ၁၂ ဦး တက်ရောက်တယ်။ သူက UNHCR ရဲ့အထူးကိုယ်စားလှယ်ဆိုတော့ ငြိမ်းချမ်းရေး ရဖို့၊ ကလေးသူငယ်တွေစောင့်ရှောက်ဖို့ နောက်တစ်ခုက အမျိုးသမီးတွေက အမြဲတမ်းဖိနှိပ်ခံရတယ်။ အကာကွယ် မဲ့တယ်။ အကာကွယ်မဲ့တဲ့သူတွေကို စောင့်ရှောက်ဖို့ပါ။ ကျွန်တော်တို့နိုင်ငံက ဘာသာရေးပဋိပက္ခရှိတယ်။ မရှိဘူးလို့ ငြင်းလို့မရဘူး။ ဘာသာရေးပဋိပက္ခကို ဖန်တီး သူတွေဟာ ဘာသာဝင်အစစ်တွေ မဟုတ်ကြဘူး။ ဘာသာ တစ်ခုကို ယုံကြည်ကိုးကွယ်သူတွေမှာ ဘာသာတိုင်းဟာ သတ်တာဖြတ်တာကို အားမပေးဘူး။ မေတ္တာကို အားပေးတယ်။ အဲဒါကို ကျွန်တော်တို့ ထည့်သွင်းဆွေးနွေးတယ်။ ကျွန်တော်က အရင်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ရှင်းပြတယ်။ ကျွန်တော်တို့ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဟာ ဘာသာတွေချစ်ကြည် ဖို့ပဲ။ ဒုတိယတစ်ခုကတော့ ပဋိပက္ခဖြစ်လာရင် ဒုက္ခ ရောက်တဲ့သူတွေကို စောင့်ရှောက်ဖို့။ မတူကွဲပြားမှုကတော့ ရှိမှာပဲ။ မတူကွဲပြားမှုမှာ ပေါင်းစည်းနိုင်ဖို့ကတော့ မေတ္တာ ပဲ'' ဟု ဆွေးနွေးချက်အကျဉ်းချုပ်ကို ပြန်လည်ဖြေကြားသည်။
မစ္စ အင်ဂျလီနာဂျိုလီပစ်၏ ရန်ကုန်ခရီးစဉ်သည် သြဂုတ် ၃ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး ၎င်းသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။
မစ္စ အင်ဂျလီနာဂျိုလီပစ်သည် ဇူလိုင် ၃ဝ နှင့် ၃၁ ရက်တွင် မြစ်ကြီးနားမြို့ပေါ်ရှိ ဂျာမိုင်ကောင်းစစ်ဘေး ဒုက္ခသည်စခန်းနှင့် ပလနကျေးရွာရှိ စိန်ဂျိုးဇက်ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရ၊ ဘာသာရေးအသင်းအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံခဲ့သည်။
မစ္စ အင်ဂျလီနာဂျိုလီပစ်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ခရီးစဉ်သည် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၃ ရက်အထိ ခြောက်ရက်တာ ကြာမြင့်မည်ဖြစ်သည်။
သတင်း-မြန်မာ့သတင်းစဉ် (သတင်းအဖွဲ့)
No comments:
Post a Comment