သားသားမီးမီးတို့အသည်းစွဲ ကွန်ဖူးပန်ဒါ ဇာတ်လမ်းတွဲ၏ ဇာတ်ကားသစ်ကွန်ဖူးပန်ဒါ-၃ တွင် အဓိကဇာတ်ကောင် ပန်ဒါလေး'ပို'သည်သူ၏ မိသားစုများနှင့်ပြန်လည်ဆုံစည်းကာ ပန်ဒါတို့၏ ဘဝနေထိုင်မှုပုံစံများအား သင်ယူပုံများကို တွေ့မြင်ရမည်ဖြစ်သည်။
ကွန်ဖူးပန်ဒါ-၂ ရုပ်ရှင်တွင် ပန်ဒါလေး 'ပို'ကို သူ့ဖခင်က
အသက်ရှင်လျက်ရှိနေကြောင်းသိရှိ ခဲ့ပြီး သူနေထိုင်ရာ ရွာလေးကို
အခြားသောပန်ဒါလေး များနှင့်အတူ လိုက်သွားခဲ့သည်တွင် ဇာတ်လမ်းကို
ရပ်ထားခဲ့သည်။
ယခုကွန်ဖူးပန်ဒါ-၃ရုပ်ရှင်ဇာတ်ကားတွင်
'ပို'၏အဖေသည် တရုတ်နိုင်ငံ စီချွမ်းပြည်နယ်သို့ ၁ဝရက်အလည်အပတ်ခရီးရောက်ရှိနေခဲ့ပြီး ယင်း ပြည်နယ်၏ ရှုခင်းများကို အသားပေးရိုက်ကူး ထားသည်။ ထို့ပြင် ယင်းရုပ်ရှင်၏ထုတ်လုပ်ရေး ဒီဇိုင်နာ ရေမွန်ဇီဘက်ခ်ျက နှင်းများအစဉ်ဖုံးလွှမ်း လျက်ရှိ ပြီး ပန်ဒါများပျော်စံရာ ကွင်းချန်းတောင်တွင် နေထိုင်လျက်ရှိသော ပန်ဒါလေးများ၏ ဘဝအစစ် အမှန်နှင့် သာယာလှပသော ရှုခင်းများကို သူ၏ဒီဇိုင်းပညာနှင့် ပေါင်းစပ်ဖန်တီးထားသည်။
ဇီဘက်ခ်ျက ''ပန်ဒါလေး'ပို'က သူ့ရဲ့မိသားစု တွေနဲ့ ပြန်လည်တွေ့ဆုံခဲ့ရတဲ့အကြောင်းကတော့ သူတို့တွေရဲ့နေထိုင်မှုဘဝပုံစံတွေက သူ့အတွက် ဘယ်တုန်းကမှ မတွေ့မမြင်ဖူးတဲ့ အထူးအဆန်းတွေ ဖြစ်နေလို့။ ပြီးတော့ အဲဒါတွေကို သင်ယူချင်လို့''ဟု ဇာတ်ကားသစ်နှင့်ပက်သက်၍ ပြောပြခဲ့သည်။
တွဲဖက်ဒါရိုက်တာ ဂျနီဖာ ယူရှ်နယ်လ်စန်က လည်း ''ဒီဇာတ်ကားသစ်မှာတော့ ပရိသတ်တွေအနေနဲ့ 'ပို'အရွယ်ရောက်လာတဲ့အချိန်မှာ ဘယ်အရာတွေက သူ့ကိုပြောင်းလဲစေခဲ့တယ်။ ဘယ်အရာတွေကိုတော့ သူက ပြောင်းလဲနိုင်ခဲ့တယ်ဆိုတာ ရှုမြင်ကြရမှာပါ။ နောက်ပြီး'ပို'မှာ ပန်ဒါလေးတွေနဲ့တူတဲ့ ဘယ်လို အကျင့်စရိုက်တွေရှိတယ်ဆိုတာနဲ့ 'ပို' တစ်ယောက် ပန်ဒါတွေရဲ့ တကယ့်လောကမှာ ပျော်နိုင်မှာလား။ သူတို့လောကနဲ့ သဟဇာတဖြစ်ရဲ့လားဆိုတာကို လည်း ခံစားကြရမှာဖြစ်ပါတယ်''ဟု ဆိုခဲ့သည်။
ဆက်လက်၍သူက ယခင်ထွက်ရှိခဲ့သော ကွန်ဖူးပန်ဒါ (၁)နှင့် (၂)တို့ကို ဖန်တီးရိုက်ကူးခဲ့ရာ၌ ဆေးရောင် အနည်းငယ်သဘာဝမကျဖြစ်ခဲ့၍ ယခုတစ်ကြိမ်တွင် ရှုခင်းများကို ဖန်တီးခဲ့ရာတွင် ပရိသတ်ကိုယ်တိုင် ၎င်းနေရာသို့ ရောက်ရှိနေသည် ဟု ခံစားလာရလောက်အောင် သဘာဝကျကျ ဖန်တီးထားကြောင်းလည်း ဖွင့်ဟပြောကြားခဲ့သည်။
အဆိုပါဇာတ်ကားသစ်ကို ၂ဝ၁၆ ဇန်နဝါရီ ၂၉ ရက်မှစတင်ကာ အမေရိကန်၌ ရုံတင်ပြသသွားမည် ဖြစ်သည်။
အေးပြည့်

No comments:
Post a Comment