မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ခလစာ ပိုမို
ရရှိလိုသောရည်ရွယ်ချက်ဖြင့် အိမ်နီးချင်း ပြည်ပနိုင်ငံများသို့
သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ အထူးသဖြင့် ထိုင်း၊ မလေးရှားနှင့်
စင်ကာပူနိုင်ငံတို့၌ ဖြစ်ပါသည်။ ဤသို့ ရွှေ့ပြောင်း အလုပ်သမားများအဖြစ်
သွားရောက်လုပ်ကိုင်ရာတွင် တရားဝင် သွားရောက်လုပ်ကိုင်သူများရှိသလို
လမ်းကြောင်းအမျိုးမျိုးမှ တရားမဝင် သွားရောက်လုပ်ကိုင်သူများလည်း
ရှိပါသည်။
တရားမဝင်သွားရောက်လုပ်ကိုင်ခြင်းသည် အချိန်မရွေး အန္တရာယ် တစ်စုံတစ်ရာနှင့် ကြုံတွေ့ရဖွယ်ရှိပါသည်။
တရားမဝင် သွားရောက်လုပ်ကိုင်ခြင်းသည် လူမှောင်ခို ကူးခြင်းကို ခံရနိုင်ပါသည်။ တရားမဝင် သွားရောက်လုပ်ကိုင်ခြင်း သည် အလွန်စွန့်စားရသောအလုပ်ဖြစ်ပါသည်။ အလုပ်အကိုင် ရလိုမှု၊ အယုံအကြည်လွယ်မှုတို့အပေါ် အခွင့်ကောင်းယူကာ တရားမဝင်လမ်းကြောင်းပေါ်တွင် လူမှောင်ခိုလုပ်ငန်းများ ကြီးထွား လာလျက်ရှိပါသည်။ အမှန်တကယ်အလုပ်ရသည့်တိုင် လုပ်ငန်းရှင် တို့၏ ဖိနှိပ်ခြင်း၊ လစာမပေးလို၍ ရဲနှင့်ပေါင်းပြီး ဖမ်းဆီးမှုများ ပြုလုပ်ခြင်းစသော စွန့်စားရမှုများနှင့် ကြုံတွေ့ရဖွယ်ရှိပါသည်။
တရားမဝင် သွားရောက်လုပ်ကိုင်ရခြင်း၏ အဓိကအကြောင်း အရင်းသည် ငွေကြေးလိုအပ်ချက်နှင့် အသိဥာဏ်နည်းပါးမှုတို့ကြောင့် ဖြစ်သည်ကိုတွေ့ရမည်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ တရားဝင် လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်ကြခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက် လုပ်ကိုင်မှုအများဆုံးမှာ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ဖြစ်သည်။ တရားမဝင်သွားရောက်လုပ်ကိုင်နိုင်သော နိုင်ငံများသည်လည်း ထိုနိုင်ငံများ၌သာဖြစ်သည်။ စင်ကာပူနိုင်ငံတွင် တရားမဝင်သွား ရောက်လုပ်ကိုင်သူ နည်းပါးသည်။ မကြာသေးမီက တရုတ်နိုင်ငံ ဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်သူများလည်း ရှိလာသည်။
အမှန်စင်စစ် ဤနိုင်ငံတို့၌ တရားမဝင်ရွှေ့ပြောင်းလုပ်သား များ လက်ခံဆောင်ရွက်နေခြင်းသည် စဉ်းစားဖွယ်ရာပင်ဖြစ်သည်။ အဓိကအားဖြင့် လုပ်အားခဈေးသက်သာ၍ ဖြစ်နိုင်သည်။ တရားဝင် သွားရောက်လုပ်ကိုင်သူများထက် တရားမဝင် သွားရောက်လုပ်ကိုင် သူများထံမှ လုပ်အားခဈေးသက်သက်သာသာနှင့် ရနေသည်။
တရားမဝင်လုပ်ကိုင်သူများသည် လုပ်အားခ အဓိကမဟုတ်ပါ။ အလုပ်ရရေးသည်သာ အဓိကဖြစ်သည်။ ထို့ကြောင့်လည်း လုပ်အားခဈေးသက်သာမှုနှင့်အတူ တရားမဝင်ရွှေ့ပြောင်းလုပ်သား ဈေးကွက်သည်လည်း ကြီးထွားပေါ်ပေါက်လျက်ရှိပါသည်။
ဤအချက်များကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသူများအတွက် ဈေးနှုန်း သက်သက်သာသာဖြင့်သွားရောက်လုပ်ကိုင်နိုင်ရန် ဖြေလျှော့ပေး မှုများ၊ ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်ပေးရန်လိုအပ်မည်ဖြစ်ပါသည်။
အစိုးရနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ ပူးပေါင်းဆောင်ရွက်မှု၊ ဖြေလျှော့မှုများဖြင့် တရားဝင် သွားရောက်လုပ်ကိုင်မှုများ တိုးပွားလာရမည်ဖြစ်ပါ သည်။ သို့မှသာ လုပ်အားအပေါ် ခေါင်းပုံဖြတ်ခံရမှု၊ ဖိနှိပ်ခံရမှု၊ လူမှောင်ခိုကူးခံရမှုတို့မှ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ရွှေ့ပြောင်းလုပ်ကိုင်ရာတွင် တရားဝင်သွားရောက်ခြင်းကိုသာ ဘက်ပေါင်းစုံဖြေလျှော့မှုများဖြင့် ဆောင်ရွက်သင့်ပေကြောင်း။ ။

No comments:
Post a Comment