Saturday, August 1, 2015

1.8.2015...ကြေးမုံ စာတည်းရှုထောင့်


သဘာဝဘေးဒဏ်ခံရသူများကို ကူညီ

ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေသောကြောင့် ရေကြီးရေလျှံမှုများ၊ ရေနစ်မြုပ်မှုများ နေရာအလိုက်ဖြစ်ပွားနေသည်။ ထိုသို့ဖြစ်ပွားသောကြောင့် ဒေသခံပြည်သူများ ရေဘေးဒုက္ခကြုံတွေ့နေရ သည်။ ယင်းဖြစ်စဉ်သည် ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံတည်းသာမဟုတ် အခြားနိုင်ငံများတွင်လည်း ဖြစ်ပွားနေသည်။

မြန်မာနိုင်ငံအနေဖြင့် ရေဘေးဒုက္ခများကို နှစ်စဉ်ကြုံတွေ့ခဲ့ရသော်လည်း ယခုနှစ်ဖြစ်စဉ်များမှာ ယခင်နှစ်များနှင့်မတူ တမူထူးစွာကြုံတွေ့နေရသည်။ ထိုသို့ကြုံတွေ့နေစဉ် ဘူးလေရာဖရုံဆင့်ဆိုသကဲ့သို့ ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ အချို့ဒေသများတွင် ရေဘေးဒုက္ခများကို ဆိုးဆိုးရွားရွား ကြုံတွေ့ခံစားလိုက်ရသည်။
ဇူလိုင် ၁၆ ရက်မှ ယနေ့ထက်တိုင် အဆက်မပြတ်ရွာသွန်းနေသော မိုးရေအရှိန်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ အချို့မြို့ရွာများတွင် ကားလမ်း၊ ရထားလမ်း၊ တံတား၊ စိုက်ခင်းများနှင့် လူနေအိမ်များ ပျက်စီး ဆုံးရှုံးမှုရှိခဲ့သည်။ အချို့နေရာများတွင် လူနှင့်တိရစ္ဆာန်များပင် အသက်ဆုံးရှုံးခဲ့ရသည်။ ယင်းအဖြစ်ဆိုးမှာ ရေဘေးဒုက္ခကြုံတွေ့နေရသူများသာမက ပြည်သူအားလုံးအတွက် စိတ်မကောင်းစရာပင်ဖြစ်သည်။

မြို့ရွာများမှပြည်သူအချို့ သဘာဝဘေးကိုကြုံတွေ့ရသည့် ဒုက္ခမှာ မည်မျှကြီးမားသည်ကို ၎င်းပြည်သူများသာ အသိဆုံးဖြစ်မည်။ ရေဘေးဒုက္ခ မကြုံတွေ့ရသော ပြည်သူများအဖို့ ဗိုလ်နေမြဲ၊ ကျားနေမြဲ သက်သောင့် သက်သာ သွားလာမပျက်နေထိုင်ကြလိမ့်မည်။ သို့သော် မြန်မာတို့၏ ဓလေ့ ထုံးတမ်းအစဉ်အလာအရ ကိုယ်ချင်းစာတရားရှိကြလိမ့်မည်။ လူသားချင်းစာနာ ထောက်ထားမှုရှိကြလိမ့်မည်။ ဝိုင်းဝန်းကူညီကယ်ဆယ်စောင့်ရှောက်ပေးနေ ကြသူများလည်းရှိသည်။

သဘာဝဘေးဒုက္ခများကြုံတွေ့လာရပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းက ဦးစွာကူညီကယ်ဆယ်စောင့်ရှောက်ပေးရမည်မှာ အမှန်ဖြစ်သည်။ ဖြစ်ပွားလျှင်ဖြစ်ပွားချင်း ကြိုတင်စီမံထားရှိသည့် အစီအမံများနှင့်အညီ လိုအပ်သောအထောက်အပံ့ပစ္စည်းများနှင့် အဖွဲ့အစည်းအားလုံးက ဖြစ်ပွားရာဒေသသို့ ချက်ချင်းအလျင်အမြန်သွားရောက်ကာ ကူညီကယ်ဆယ်စောင့်ရှောက်ပေးရမည့် တာဝန်ရှိသည်။

သို့ရာတွင် ကျယ်ဝန်းများပြားသော ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်လည်း မလုံလောက်ချေ။ ရေဘေးမကြုံတွေ့ရသည့်၊ တတ်နိုင်သည့်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက လည်း ဝိုင်းဝန်းပါဝင်ကူညီစောင့်ရှောက်ကြရမည်ဖြစ်သည်။ လက်ရှိတွင် သဘာဝဘေးကြုံတွေ့ရာ၌ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်၊ လူမှုရေးအသင်းအဖွဲ့များက အားတက်သရော ကူညီကယ်ဆယ်စောင့် ရှောက်ပေးနေသည်ကို တွေ့ရသည်။
သဘာဝဘေးကျရောက်ချိန်တွင် လတ်တလောဆောင်ရွက်ရမည့် အပိုင်းနှင့် အချိန်ယူဆောင်ရွက်ပေးရမည့်အပိုင်းဟူ၍ရှိသည်။ ထိုအပိုင်း နှစ်ခုလုံးကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဦးဆောင်ဦးရွက်ပြုပြီး ရှေ့တန်းမှ ပါဝင်ဆောင်ရွက်သင့်သည်။ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်များ၏ လတ်တလောကူညီကယ်ဆယ်စောင့်ရှောက်မှုတွင် ပါဝင်ကူညီပေးရမည်။ လတ်တလောတွင် အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါး ကူညီ ထောက်ပံ့ပေးနိုင်မှုသည် အရေးကြီးသည်။

သဘာဝဘေးပြီးဆုံးသွားချိန်တွင် ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများ၌ ဒေသခံများလယ်ယာပြန်လည်စိုက်ပျိုးနိုင်အောင် စိုက်မျိုးများပြန်လည် ရှာဖွေပေးခြင်း၊ ရေကျချိန်၌ချက်ချင်းစိုက်ပျိုးနိုင်အောင် ထွန်ယက်ပေးခြင်း၊ ပျက်စီးဆုံးရှုံးသွားသောနေအိမ်၊ စာသင်ကျောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးတို့ကို အမြန်ဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးရမည်မှာ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ဆောင်ရမည့်လုပ်ငန်းများ ဖြစ်သည်။

သို့ဖြစ်ရာ သဘာဝဘေးကြုံတွေ့ရသည့် ပြည်သူများအား လူသားချင်း စာနာထောက်ထားမှုစိတ်ဓာတ် အပြည့်အဝဖြင့် အတတ်နိုင်ဆုံးနှင့်အမြန်ဆုံးဖြည့်ဆည်းပေးကြရန် အသိပေးနှိုးဆော်လိုက်ပါသည်။ ။

No comments:

Post a Comment