Saturday, August 1, 2015

ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ချယ်လ်ဆီး ကို အာဆင်နယ် ရှုံးကြွေးပြန်ဆပ်နိုင်မှာလား



The Mirror Daily's photo.

၂ဝ၁၅-၂ဝ၁၆ ဘောလုံးရာသီ မစတင်မီ ကျင်းပမယ့် ကွန်မြူနတီဒိုင်းပွဲကို လာမယ့် သြဂုတ် ၂ ရက်ကျရင် ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ပရီမီယာလိဂ် ချန်ပီယံ ချယ်လ်ဆီးနဲ့ အက်ဖ်အေဖလားချန်ပီယံ အာဆင်နယ် တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ကွန်မြူနတီဒိုင်းကို (၁၃) ကြိမ်ရရှိ ထားကာ ပြီးခဲ့တဲ့ ၂ဝ၁၄-၂ဝ၁၅ ကွန်မြူနတီဒိုင်းပွဲမှာလည်း မန်စီးတီးအသင်းကို သုံးဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံအဖြစ် ရပ်တည်နေတဲ့ အသင်းဖြစ်တယ်။ ချယ်လ်ဆီးကတော့ ကွန်မြူနတီဒိုင်းပွဲမှာ စုစုပေါင်း (၁ဝ) ကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး အောင်မြင်မှု လေးကြိမ်ရရှိခဲ့ ကာ ၂ဝဝ၅ ခုနှစ် ကွန်မြူနတီဒိုင်းပွဲမှာ အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့ဖူးပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ဖူးတဲ့ အစဉ်အလာရှိတယ်။ ဒါကြောင့် ကွန်မြူနတီဒိုင်းရဲ့ လက်ရှိချန်ပီယံ အာဆင်နယ်အနေနဲ့ ချန်ပီယံဂုဏ်သိက္ခာကို ကာကွယ်ဖို့အပြင် ချယ်လ်ဆီးကို ကွန်မြူနတီဒိုင်းပြိုင်ပွဲ ရှုံးကြွေးပြန်ဆပ်နိုင်မလားဆိုတာက စိတ်ဝင်စားဖို့ကောင်း နေတယ်။

ချယ်လ်ဆီး၏ အခြေအနေ
ချယ်လ်ဆီးအသင်းဟာ အခုနွေရာသီအတွင်း ကစားသမား အားဖြည့်မှုအဖြစ် ကစားသမားသစ်တွေ ခေါ်ယူရာမှာ မိုနာကိုတိုက်စစ်မှူး ဖယ်ကာအို၊ စတုတ် အသင်း ဂိုးသမား ဘီဂိုဗစ်တို့ကလွဲပြီး ကျန်ခေါ်ယူထားတဲ့ ကစားသမားတွေဟာ လူငယ်ကစားသမားတွေ ဖြစ်တာကြောင့် ကစားသမား အားဖြည့်မှုအပိုင်းမှာ ထိရောက်မှု အားနည်းနေသေးတယ်လို့ဆိုရမယ်။

ဒရော့ဘာ၊ ပီတာဆက်ခ်ျတို့လို ကစားသမားတွေကို ဆုံးရှုံးထားတဲ့ ချယ်လ်ဆီးဟာ ထိုင်း All Stars အသင်းနဲ့ ကစားတဲ့ခြေစမ်းပွဲမှာ လူငယ်ကစားသမား အများအပြားကို အဓိက အသုံးပြုခဲ့တယ်။ သြစတြေးလျကလပ်ဆစ်ဒနီ အသင်းကို တစ်ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟာဇက်၊ ဒီယေဂိုကော်စတာ၊ မာတစ်၊ တယ်ရီ၊ အိုင်ဗန်နိုဗစ်တို့ကို အသုံးပြုခဲ့ပေမယ့် ရီမီရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ ကပ်ပြီးနိုင်ခဲ့တယ်။ မေဂျာလိဂ်ကလပ် နယူးယောက်ရက်ဘူး အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာဆိုရင်လည်း ချယ်လ်ဆီးဟာ အဓိက ကစားသမားအများစုကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ ပေမယ့် လေးဂိုး - နှစ်ဂိုးနဲ့ ရှုံးပွဲကြုံခဲ့ရတယ်။
နယူးယောက်ရက်ဘူးလ်နဲ့ ပွဲရလဒ်အရ ချယ်လ်ဆီး ခံစစ်ပိုင်း အနည်းငယ် အားနည်းတယ်လို့ ဆိုနိုင်ပေမယ့် လူငယ်ကစားသမားအချို့ လူစားလဲ ဝင်ရောက်လာပြီးတဲ့ နောက်ပိုင်းမှသာ ဂိုးတွေပေးခဲ့ ရတာကြောင့် ကွန်မြူနတီဒိုင်းပွဲမှာ အဓိကကစားသမား အစုံအလင် ပါဝင်လာမယ့် ချယ်လ်ဆီးခံစစ်ဟာ အာဆင်နယ်တိုက်စစ်ကို အခက်တွေ့စေနိုင်တယ်။

အာဆင်နယ်၏ အခြေအနေ
အာဆင်နယ်အသင်းကလည်း ချယ်လ်ဆီးအသင်း ဂိုးသမား ပီတာဆက်ခ်ျ တစ်ဦးလောက်သာ ထိထိရောက်ရောက် အားဖြည့်ထားနိုင်သေးတဲ့ အသင်းဖြစ်တယ်။ အာဆင်နယ်အသင်းဟာ အာရှ ပရီမီယာလိဂ် ပြိုင်ပွဲမှာ အဲဗာတန်အသင်းကို သုံးဂိုး - တစ်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အဓိက ကစားသမားအစုံအလင်နီးပါး ပါဝင်ခဲ့တဲ့ အာဆင်နယ် အသင်းဟာ အဲဗာတန်ရဲ့ ဖိအားပေးကစားမှုကို ရင်ဆိုင်ခဲ့ရတာကြောင့် ကွန်မြူနတီဒိုင်းပွဲမှာ ချယ်လ်ဆီးအသင်းကို အာဆင်နယ်အသင်း ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ဖို့ ခက်ခဲမှာသေချာတယ်။
အာဆင်နယ်ရဲ့ တိုက်စစ်ဟာ ဝဲလ်ကော့၊ ကာဇိုလာ၊ အိုဇေးလ်တို့ ဂိုးသွင်းခြေရနေတာကြောင့် ထက်မြက်မှု ရှိနေတယ်ဆိုပေမယ့် ချယ်လ်ဆီးအသင်းက ကွန်မြူနတီဒိုင်းပွဲမှာ ခံစစ်ကိုအကောင်းဆုံးပြင်ဆင် လာခဲ့ရင် အာဆင်နယ်အသင်း ဂိုးရဖို့ ရုန်းကန်ရနိုင်တယ်။ ပြီးခဲ့တဲ့ ၂ဝ၁၃-၁၄၊ ၂ဝ၁၄-၁၅ ပရီမီယာလိဂ် ပြိုင်ပွဲတွေမှာ အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးနဲ့ ဆုံတွေ့ခဲ့တဲ့ ပွဲတွေတိုင်း ဂိုးရရှိခြင်းမရှိခဲ့တာက အာဆင်နယ် တိုက်စစ်ဟာ ချယ်လ်ဆီးခံစစ်ကို ဖိအားပေးနိုင်ဖို့ ခက်ခဲတယ်ဆိုတဲ့အချက်ကို သက်သေပြနေတယ်။
သုံးသပ်ချက်
ကွန်မြူနတီဒိုင်းပွဲဟာ ရန်ပုံငွေပွဲ တစ်ပွဲသာဖြစ်ပေ မယ့် ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ပရီမီယာလိဂ်ပြိုင်ဘက်ကောင်းအသင်းတွေဖြစ်တာကြောင့် အသင်းရဲ့ ဂုဏ်သိက္ခာအတွက် ဒီပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိဖို့ အကောင်းဆုံး ပြင်ဆင်လာကြမှာပါ။

နှစ်သင်းစလုံးရဲ့ တိုက်စစ် ပိုင်းမဆိုးသလို ခံစစ်မှာ အားနည်းမှု အနည်းငယ်ရှိနေတယ်။ ဒါပေမယ့် အာဆင်နယ် တိုက်စစ်ဟာ ချယ်လ်ဆီး ခံစစ်ကို ထိုးဖောက်နိုင်ဖို့ ခက်ခဲပြီး ချယ်လ်ဆီးနဲ့ နောက်ဆုံးရှစ်ကြိမ် ဆုံတွေ့ခဲ့မှုမှာလည်း နိုင်ပွဲရရှိခဲ့ခြင်းမရှိခဲ့တာကြောင့် ဒီပွဲမှာ ချယ်လ်ဆီးအသင်းက မပြတ်သားတဲ့ ရလဒ်နဲ့ အောင်ပွဲခံပြီး ငါးကြိမ်မြောက် ကွန်မြူနတီဒိုင်း ချန်ပီယံဖြစ်လာ လိမ့်မယ်လို့ သုံးသပ်မိတယ်။
ရှိုင်းမင်းမင်း

No comments:

Post a Comment