ကွာလာလမ်ပူ ဇူလိုင် ၃၁
၂ဝ၂၂ ခုနှစ်တွင် ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်အားကစား ပွဲတော်
ကျင်းပရန်အတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ (အိုင်အိုစီ)က
တရုတ်နိုင်ငံ မြို့တော် ပေကျင်းကို ရွေးချယ်လိုက်ကြောင်း
ယနေ့ရိုက်တာသတင်းတွင် ဖော်ပြသည်။
ယင်းသို့ ရွေးချယ်လိုက်ခြင်း ကြောင့် ပေကျင်းမြို့သည် နွေရာသီ အိုလံပစ်နှင့် ဆောင်းရာသီအိုလံပစ် အားကစားပွဲတော် နှစ်ခုစလုံးကို လက်ခံကျင်းပခွင့်ရရှိသည့် ပထမဆုံး မြို့ ဖြစ်လာမည်ဖြစ်သည်။
ကွာလာလမ်ပူ မြို့လယ်ရှိ ကွန်ဗင်းရှင်းစင်တာ၌ အဖွဲ့ဝင် ၈၅ ဦးပါ အိုင်အိုစီကော်မတီက လျှို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ်မှုအရ တရုတ် နိုင်ငံ ပေကျင်းမြို့က ၎င်း၏ ပြိုင်ဘက် ကာဇက်စတန်နိုင်ငံ အယ်လ်မတီ မြို့အပေါ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဆောင်းရာသီ အိုလံပစ်ပွဲတော် ကျင်းပရေးအတွက် မဲပေးရွေးချယ်မှု ကို နှစ်ကြိမ်တိုင် ကျင်းပခဲ့ရကြောင်း၊ အကြောင်းမှာ အီလက်ထရွန်နစ် စနစ်သုံး မဲပေးရွေးချယ်မှုစနစ်၌ ချွတ်ယွင်းချက်များကို ရှာဖွေတွေ့ရှိ ပြီးနောက် စက္ကူမဲဆန္ဒလက်မှတ်များကို အသုံးပြုခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
၂ဝဝ၈ ခုနှစ်တွင် ကျင်းပခဲ့သော နွေရာသီ အိုလံပစ်ပွဲတော်ကို တရုတ် နိုင်ငံ ပေကျင်းမြို့၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည်။
ပေကျင်းမြို့သည် တောင်တန်းများ နှင့်ဝေးသော အရပ်၌တည်ရှိခြင်း၊ သဘာဝဆီးနှင်းခဲများ မရှိခြင်းတို့ ကြောင့် ယင်းမြို့၌ ဆောင်းရာသီ အိုလံပစ် ပွဲတော်ကျင်းပရာတွင် အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ဟု စိုးရိမ်ပူပန်မှုများ ပေါ်ထွက်ခဲ့သည်။
ရိုက်တာ။

No comments:
Post a Comment