Sunday, August 30, 2015

ချင်းပြည်နယ် တွန်းဇံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် ၆ဝ ခန့်ရေစီးဖြင့် မျောပါခဲ့သော်လည်း လူနှင့် တိရစ္ဆာန်များ အသေအပျောက်မရှိ


The Mirror Daily's photo.
နေပြည်တော် သြဂုတ် ၂၈

ချင်းပြည်နယ် တွန်းဇံမြို့နယ်တစ်ဝိုက်တွင် ယနေ့ နံနက် ၃ နာရီခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နတ်မြောင်းချောင်းရေ လေးပေခန့်မြင့်တက်ကာ တွီ့ခိန်ဇန်ကျေးရွာအပေါ်ရှိ တောင်ပေါ်ရေကန်ကျိုးပေါက်ခဲ့၍ ယင်းရွာတောင်ဘက် အပိုင်းရှိ ဟားခါးလေးရွာသို့ ရေဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၅၉ လုံး ရေစီးဖြင့် မျောပါခဲ့ကြောင်း၊ ယင်းနေအိမ် များမှ လူဦးရေ ၃ဝဝ ခန့်မှာ နန်ကျင်းဆောင်းရွာ အနီး ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်း သို့ ရွှေ့ပြောင်းခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် လူနှင့် တိရစ္ဆာန်များ အသေအပျောက် မရှိကြောင်း သိရသည်။
အဆိုပါကျေးရွာတစ်ဝိုက်တွင် သြဂုတ်လဆန်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ အလားတူ ချောင်းရေ လျှံခဲ့မှုကြောင့် တွီးခိန်ဇန်ကျေးရွာ မြောက်ဘက်အပိုင်းမှ ရေဘေးသင့်ရွာသူ ရွာသားများမှာ သြဂုတ် ၇ ရက်ခန့် မှစ၍ နန်ကျင်းဆောင်းရွာအနီး ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်းသို့ ဦးစွာပြောင်းရွှေ့နေရာ ချထားပြီးဖြစ်ကြောင်းနှင့် ယနေ့နံနက် ရွှေ့ပြောင်းခဲ့သည့် ရေဘေးသင့်ပြည်သူများမှာ ထိုစဉ်က မရွှေ့ပြောင်းဘဲ ကျန်ရှိခဲ့သော ဟားခါးလေးရွာအပိုင်းမှ ဖြစ်ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် တာဝန်ရှိသူများသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်သူဦး ဦးဆောင်သော တပ်မတော် သားများနှင့်အတူ ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ရောက်ရှိခဲ့ကြပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ တောင်ကျရေနှင့်အတူ မျောပါသွားသော ကျေးရွာသားနှစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ချင်းပြည်နယ် တောင်ပေါ်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရှိ နေရဉ္ဇရာမြစ်ရေတိုးပြီး ရာဇဂြိုဟ်ဆည်သို့ ရေဝင်ရောက်မှု ပိုမိုများပြားခဲ့သော်လည်း ယင်းဆည်၏ ကန်ရေပြည့်အမှတ်သည် ယနေ့ နံနက် ၆ နာရီ တိုင်းထွာချက်များအရ ၆၄၂ ဒသမ ၇ဝ ပေသာရှိပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၁၇ ဒသမ ၃ ပေလိုအပ်ကြောင်း၊ ရေပိုလွှဲမှ ၂ ဒသမ ၇ ပေခန့် ရေကျော်ထုတ်လွှတ်လျက်ရှိကြောင်းနှင့် ဆည်တမံထိခိုက်မှုမရှိဘဲ ကြံ့ခိုင်မှုကောင်းမွန်မှုရှိပြီး စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment