Sunday, August 30, 2015

ဥပဒေနှင့် ဖွံ့ဖြိုးတိုးတက်ရေး



မြန်မာ့အလင်းအယ်ဒီတာ့အဘော်


မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေ ပြုရေးဟူ၍ အဓိကမဏ္ဍိုင်ကြီး သုံးရပ်ရှိရာ လွှတ်တော်များသည် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်ပါသည်။  အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ဟူ၍ လွှတ်တော်သုံးရပ်ရှိရာ ဥပဒေပြုရေးကိစ္စများတွင်    အပြန်အလှန်ထိန်းကျောင်းဆောင်ရွက် လျက်ရှိပါသည်။ လိုအပ်သော ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့် စွက်ခြင်း၊ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ပါသည်။

ဒီမိုကရေစီစနစ်တွင် လွှတ်တော်များသည် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းပေးသည့်အပြင် လူထုနှင့်အစိုးရကြား ပေါင်းကူးတံတားသဖွယ် ဖြစ်ပါသည်။ ပြည်သူတို့လိုက်နာရန် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းပေးသည်။ ထို့အပြင် ပြည်သူ လူထု၏ သိလိုသော၊ ဖြစ်လိုသော၊ လိုအပ်သော အရေးအရာ ကိစ္စ မှန်သမျှကို အစိုးရက လွှတ်တော်များမှတစ်ဆင့် တင်ပြနိုင်သည်။ တောင်းဆိုမှုပြုလုပ်နိုင်သည်။ မေးမြန်းသိခွင့်ရှိသည်။  ထို့ကြောင့် လည်း ပြည်သူလူထု၏ဆန္ဒ လွှတ်တော်ကဆောင်ရွက်ဟု ဆိုခြင်း ပင်ဖြစ်ပါသည်။

 လက်ရှိအစိုးရသက်တမ်းကာလအတွင်း လွှတ်တော်များ၌ လိုအပ်သော  ဥပဒေများကို  အတည်ပြုပေးနိုင်ခဲ့သည့်အပြင် ပြည်သူလူထုအတွက် လက်တွေ့အကျိုးဖြစ်ထွန်းမည့် ကိစ္စများကို ဆွေးနွေးနိုင်ခဲ့၍ များစွာအကျိုးသက်ရောက်မှုများ ရှိခဲ့ပါသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၂) ကြိမ်မြောက် ပုံမှန်အစည်း အဝေးကို (၈၉) ကြိမ်အထိ ကျင်းပခဲ့ပါသည်။ ဤသို့ကျင်းပစဉ် ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ မေးခွန်းပေါင်း ၁၇၉၃ ခုအနက် ၁၆၆၆ ခု ဖြေကြားနိုင်ခဲ့သည့်အပြင် အဆို ၂၅ ခုနှင့်  အရေးကြီး အဆိုတစ်ခု တင်သွင်းနိုင်ခဲ့ပါသည်။ အလားတူ ဥပဒေကြမ်း ၉၆ ခုအနက် ဥပဒေပေါင်း ၈ဝ ကိုဆွေးနွေးခဲ့ပြီး ကျန် ၁၆ ခုမှာ လွှတ်တော်အတွင်း ဆွေးနွေးလျက်ရှိကြောင်း သိရပါသည်။

 ဤသို့ လိုအပ်သော ဥပဒေများ အတည်ပြုပြဋ္ဌာန်းနိုင်ခြင်း ကပင်လျှင် ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဆက်စပ်လျက်ရှိပါသည်။ အချို့အချို့သော လုပ်ငန်းများမှာ ဥပဒေအရ အကာအကွယ် မပေး နိုင်သည့်အတွက်  လုပ်ငန်းများဆောင်ရွက်ရန် တွန့်ဆုတ်နေကြပါ သည်။ ယခုကဲ့သို့  ဥပဒေများ အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့ခြင်း ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်လာနိုင်တော့မည် ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် ပြဋ္ဌာန်းထားသော ဥပဒေများကို သိရှိပြီး လိုက်နာအကောင်အထည်ဖော်ရန်လည်း လိုအပ်မည် ဖြစ်ပါသည်။ ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ ဆောင်ရွက် လာနိုင်သည်နှင့်အမျှ လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ဥပဒေဟူသည် တားမြစ်ချက်တစ်ရပ် ဖြစ်ပါသည်။ မမှန်ကန်သော လုပ်ရပ်ဟူသမျှကို ဥပဒေအရတားမြစ်ပါသည်။ 

မှန်ကန်သောအလုပ်အကိုင် ဆောင်ရွက်မှု ဟူသမျှကို ဥပဒေက တံခါးဖွင့်ပေးပါသည်။ ထို့ကြောင့် ဥပဒေသည် တည့်မတ်မှန်ကန်ရေး မဏ္ဍိုင်ပင်ဖြစ်ပါသည်။ သို့ဖြစ်၍ စီးပွားရေး၊ လူမှုရေးတို့နှင့် သက် ဆိုင်သော ဥပဒေသစ်များ အတည်ပြု ပြဋ္ဌာန်းလာနိုင်သည်နှင့်အမျှ လုပ်သာကိုင်သာရှိသော  စီးပွားရေးလုပ်ငန်းများလည်း  ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း။

No comments:

Post a Comment