Saturday, August 1, 2015

ဓမ္မစကြာအခါတော်နေ့တွင် မန္တလေးမြို့၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား


The Mirror Daily's photo.

မန္တလေး ဇူလိုင် ၃၁

ယနေ့သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ဖြစ်သည်။ မန္တလေးမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ တန်ခိုးကြီးဘုရားပုထိုး စေတီတော် များတွင် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့သည် ယနေ့နံနက် အရုဏ်တက်ချိန်မှစ၍ ဓမ္မ စကြာအခါတော်နေ့ပူဇော်ပွဲ၊ ဝါဆို ဝါကပ်ပွဲ၊ ဝါဆိုပန်းကပ်လှူပူဇော်ပွဲ၊ ရှင်ပြုအလှူတော် စသည့် ကုသိုလ်ကောင်းမှုတို့ကို အေးချမ်းပျော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိသည်ကို တွေ့ရှိရသည်။
ယနေ့နံနက် ၄ နာရီတွင် မဟာမုနိ ရုပ်ရှင်တော်မြတ်အား ရေတော် ဆရာတော်ဘဒ္ဒန္တဥက္ကဋ္ဌ အမှူးပြု၍ မျက်နှာသစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ရွှေသင်္ကန်းကပ်လှူကာ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော် ကြပြီး အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများ ကလည်း မဟာမုနိရုပ်ရှင်တော်မြတ်အား ရွှေသင်္ကန်း၊ ရွှေကြာသင်္ကန်း ကပ်လှူခြင်း၊ ဆွမ်းရေချမ်းပန်း ကပ်လှူခြင်း၊ ဖယောင်းဆီမီးပူဇော် ခြင်း၊ ခုနစ်နေ့နံ ဘုရားများတွင် ရေသပ္ပာယ်ခြင်း၊ ငါးများ၊ ငှက်များဇီဝိတ ဒါနဘေးမဲ့လွှတ်ခြင်းတို့ဖြင့် ကောင်းမှုကုသိုလ်ပြုကြပြီး တရားဘာဝနာ အားထုတ်ကြသူများ၊ ဘုရားဖူးပြည်သူများဖြင့် တိုးမပေါက်အောင် အထူးစည်ကားလှသည်။

ယနေ့သည် ဝါတွင်းကာလ၏ ပထမဆုံးသော ဥပုသ်နေ့ဖြစ်၍ ရပ်ကွက်အသီးသီးတွင် ဆွမ်းတော်ကြီးအဖွဲ့များ ဆွမ်းခံများထွက်ကြရာ ဆွမ်း၊ ဆွမ်းဆန်တော်၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဝမ်းမြောက်စွာ ကုသိုလ်ပြုလောင်းလှူကြသူများကိုလည်း ကြည်ညိုသဒ္ဓါပွားဖွယ်ရာတွေ့ရှိရပြီး ဓမ္မာရုံများတွင်လည်း ဆရာတော်များ ပင့်ဖိတ်ကာ သီလတရားနာယူ၍ ဥပုသ်သီလဆောက်တည်လျက်ရှိကြသည်။

ထို့အတူ မန္တလေးမြို့ လမ်း ၈ဝ ရှိ တရုတ်ယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းမှ စတုတ္ထအကြိမ်မြောက် ဝါတွင်း ဥပုသ်နေ့အဖြစ် မစိုးရိမ်ကျောင်းတိုက်မှ ပင့်သံဃာတော် အပါး ၂၅ဝ အား ဆွမ်း၊ စာရေးတံ၊ ဆွမ်းဆန်တော်၊ ဒါတဗ္ဗဝတ္ထု လောင်းလှူခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် မိသားစုများနှင့် ဌာနဆိုင်ရာတို့တွင်လည်း ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်း ဆွမ်းဆက်ကပ်လှူဒါန်း ကုသိုလ်ပြုလုပ် လျက်ရှိကြသည်ကို တွေ့ရသည်။
ထို့အပြင် အရှေ့ပြင်လုံးဆိုင်ရာ မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရား၊ မန္တလေးတောင်၊ ကုသိုလ်တော် ကျောက်တော်ကြီး ဘုရား၊ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရား၊ ရွှေကျီးမြင်ဘုရား၊ ချမ်းသာကြီး၊ ချမ်းသာရဘုရား၊ စွယ်တော်မြတ် စေတီတော်၊ ကျောက်စိမ်းစေတီတော်၊ ဝါခင်းကုန်းဘုရား အပါအဝင် စေတီပုထိုးကျောင်းကန် ဓမ္မာရုံများတွင် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက် စွာကျင်းပခြင်း၊ ဆရာတော်များက သီလပေးခြင်းနှင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြား ချီးမြှင့်တော်မူခြင်း၊ မန္တလေးမြို့တွင်းရှိ နန်းမြို့၊ မြနန်းစံကျော်ရွှေနန်းတော်၊ ဦးပိန်တံတား၊ တောင်သမန်အင်း၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်နှင့် ကျောက်ဆည်ရွှေသိမ်တော်၊ ပလိပ် မြွေဘုရား၊ ပြင်ဦးလွင်မြို့သို့လည်း သွားရောက်လည်ပတ် အနားယူလေ့လာကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အပြင် မန္တလေးမြို့ အနောက် ခင်မကန်တိုက် မြကုန်းကျောင်း ဂိလာနပါလ ဆန်ပြုတ်နှင့် ရေသန့်အလှူ တော်အသင်းနှင့် အလှူရှင်မိသားစုတို့က မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံ၊ ကလေးဆေးရုံကြီး၊ (၆၂)လမ်းရှိ ခုတင် ၃ဝဝ ဆံ့ ဆေးရုံကြီး၊ အရိုး အထူးကုဆေးရုံကြီးတို့မှ ဆေးကုသမှု ခံယူလျက်ရှိသော လူနာများနှင့် လူနာစောင့်များအား ညနေစာထမင်း၊ ဟင်းများ၊ ဆန်ပြုတ်များ၊ သောက်ရေသန့်၊ အာဟာရမုန့် စသည့် စားသောက်ဖွယ်ရာများကို ယနေ့ ညနေပိုင်းက သွားရောက်လှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။
တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment