Saturday, August 1, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
ရေဘေးကယ်ဆယ်ရေးဝိုင်းဝန်းကူညီ


မြန်မာနိုင်ငံသည် သဘာဝဘေးအဖြစ်များသောနိုင်င်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သဘာဝဘေးဖြစ်လျှင် လူနှင့် သက်ရှိသတ္တဝါများ၊ အိုးအိမ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ၊ လမ်းတံတား၊ ဆေးရုံ၊ စာသင်ကျောင်း အစရှိသည့် အခြေခံအဆောက်အအုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ နှင့်သဘာဝပတ်ဝန်းကျင်တို့ကို   သေကျေထိခိုက်ပျက်စီးမှုများ ဖြစ်စေပါသည်။  ဤသို့သဘာဝဘေးကြောင့် ထိခိုက်သေကျေ ပျက်စီးဆုံးရှုံးမှုများသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အဟန့်အတား ဖြစ်စေပါသည်။ သဘာဝဘေးဆိုသည်မှာ မဖြစ် စေရန် တားဆီး၍မရသော်လည်း ဖြစ်လာလျှင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေးအတွက် သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများကိုသဘာဝဘေးမကျရောက်မီ ကြိုတင် ပြင်ဆင်ဆောင်ရွက်နိုင်ပါသည်။
လွန်ခဲ့သည့်ရက်များအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလား ပင်လယ်အော်တွင်ဖြစ်ပေါ်သော မုန်တိုင်းကြောင့် မကွေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။
သဘာဝဘေးအန္တရာယ်များကိုမဖြစ်ပွားမီကြိုတင်ပြင်ဆင် ခြင်းနှင့်ဖြစ်ပွားနေချိန်၊ဖြစ်ပွားပြီးနောက် အန္တရာယ်များမကျရောက် အောင်ပြင်ဆင်ခြင်းဟူ၍ နှစ်ပိုင်းရှိပါသည်။ ထိုအပိုင်းနှစ်ပိုင်းစလုံးကို ဟန်ချက် ညီညီလုပ်ကိုင်ဆောင်ရွက်နိုင်မှသာ  ဘေးအန္တရာယ် ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းမည်ဖြစ်ပါသည်။ ရေဘေး အန္တရာယ်ဖြစ်ပွားနိုင်သည့်ဒေသများ၌ကြိုတင်သရုပ်ပြလေ့ကျင့်မှုကိုအရှိန်အဟုန် မြှင့်တင်ဆောင်ရွက် သွားသင့်ပါသည်။ ရေဘေး အန္တရာယ်ဖြစ်ပွားနေချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကိုအချိန် မီဆောင်ရွက်နိုင်ရန်နှင့် အစားအစာ၊ ဆေးဝါးနှင့် နေထိုင်စရာ နေရာထိုင်ခင်းများအမြန်ဆုံး စီစဉ်ဆောင်ရွက်သင့်ပါသည်။ အထူး သဖြင့် ရေကြီးမှုဖြစ်ပွားရာဒေသများ၌ ထပ်မံဖြစ်ပွားနိုင်သည့် အန္တရာယ်မှာမြေပြိုမှုဖြစ်ပါသည်။ သတိပြု ဆောင်ရွက်ရန် လိုအပ် ပါသည်။
ထို့အပြင်ရေကြီးမှုဖြစ်ပွားရာဒေသများ၌ထပ်မံ၍ ရေကြီးမှု အန္တရာယ် မဖြစ်ပွားစေရန် အနီးပတ်ဝန်းကျင် ရှိဆည်တမံများ၊ မြစ်ချောင်းများတစ်ဖက်ဆည်ကန်ကြီး ကန်ငယ်များ ကျိုးပေါက်မှုမရှိ အောင် ဆည်မြောင်းဦးစီးဌာနမှတာဝန်ရှိသူများက ရေကင်းများချကာ အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုဆောင်ရွက်နေကြောင်းသိရပါသည်။ စိုးရိမ်ရေမှတ်ရောက်နေသော ဆည်တမံများတွင်ကြံ့ခိုင်မှုရှိစေရန် ရေပိုလွှဲများမှရေများ ထိန်းညှိလွှတ်ပေးလျက်ရှိပါသည်။ ဒေသခံ ပြည်သူများအနေဖြင့်ကောလာဟလများကို မယုံကြည်ကြရန်အထူး ပင်အရေးကြီးပါသည်။
သို့ဖြစ်၍ရေဘေးအန္တရာယ်ဖြစ်ပွားရာ ဒေသများ၌ နိုင်ငံ တော်ကကယ်ဆယ်ရေးပစ္စည်းများပေးပို့ ဆောင်ရွက်နေသကဲ့သို့ မြို့နယ်၊ ရပ်ကွက်ကျေးရွာတာဝန်ရှိသူများအနေဖြင့်လည်း လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများ၊ ကြက်ခြေနီ၊ မီးသတ် အစရှိသဖြင့်အဖွဲ့အစည်းများ ပူးပေါင်းကာ ရေဘေးကယ်ဆယ်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment