ရန်ကုန် ဇူလိုင် ၂
ဖီဖာအမျိုးသမီးကမ္ဘာ့ဖလား ၂ဝ၁၅ ဆီမီးဖိုင်နယ် ပွဲစဉ်ကို ကြာသပတေးနေ့နံနက်ပိုင်းက ဂျပန်နှင့် အင်္ဂလန် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျပန်အသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွား သည်။
ဂျပန်အသင်းသည် အရပ်အမောင်းကွာသော်လည်း လျင်မြန်စွာထိုးဖောက်ကစားရာမှ ပွဲချိန် ၃၃ မိနစ်တွင် ပယ်နယ်တီကန်ခွင့်ရပြီး မီရာမာက ဂျပန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။
အင်္ဂလန်အသင်းသည် ချေပဂိုးရရန် ပြန်လည် ဖိအားပေးကစားခဲ့ရာမှ ပွဲချိန်မိနစ် ၄ဝ တွင် ပယ်နယ် တီကန်ခွင့်ပြန်လည်ရရှိကာ ဝီလီယံက ချေပဂိုးသွင်းယူ ပေးခဲ့သည်။
ဒုတိယပိုင်းတွင် အင်္ဂလန် လူစားလဲမှုများပြုလုပ်ခဲ့ပြီး အမြင့်ဘောများဖြင့်တိုက်စစ်ဆင်ခဲ့သည်။ မိနစ် ၉ဝ ထိ နှစ်သင်းစလုံး အနိုင်ဂိုးမသွင်းနိုင်ပေ။ နာကျင်အချိန်ပို ၂ မိနစ်တွင် အင်္ဂလန်မှ ဘေ့စ်ဆက်က ကိုယ့်ဂိုးကိုယ် သွင်းမိသဖြင့် ဂျပန်အနိုင်ဂိုးရရှိကာ ပွဲပြီးချိန်တွင် နှစ်ဂိုး-တစ်ဂိုးဖြင့်နိုင်ပြီး ဗိုလ်လုပွဲတက်ရောက်သွားသည်။
လက်ရှိချန်ပီယံဂျပန်သည် ဗိုလ်လုပွဲတွင် အမေရိကန် နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂ဝ၁၁ ကမ္ဘာ့ဖလားတွင် ဂျပန်အသင်းသည် ဗိုလ်လုပွဲတွင် အမေရိကန်ကို ပယ်နယ်တီဖြင့်အနိုင်ရကာ ဗိုလ်စွဲခဲ့သည်။
အမျိုးသမီးကမ္ဘာ့ဖလားကို ဖီဖာမှ ၁၉၉၁တွင် စတင် ဖွဲ့စည်းခဲ့သည်။ ကမ္ဘာ့ဖလား အများဆုံးနှစ်ကြိမ်ရရှိထား သည့် အသင်းမှာ အမေရိကန်နှင့် ဂျာမနီအသင်းတို့ဖြစ် သည်။ အမေရိကန်အသင်းသည် ပြိုင်ပွဲစတင်ပြုလုပ် သည့် ၁၉၉၁ နှင့် ၁၉၉၉ တွင် ဖလားရရှိပြီး ၂ဝ၁၁ တွင် ဒုတိယရရှိကာ ၁၉၉၅၊ ၂ဝဝ၃၊ ၂ဝဝ၇ တွင် တတိယ ရရှိ ထားသည့် အအောင်မြင်ဆုံးအသင်းဖြစ်သည်။
ဂျာမနီအသင်းသည် ၂ဝဝ၃၊ ၂ဝဝ၇ တွင် ဖလား ရရှိပြီး ၁၉၉၅တွင် ဒုတိယရရှိထားသည်။ နော်ဝေအသင်း သည် ၁၉၉၅ တွင် ဖလားရရှိကာ လက်ရှိဂျပန်အသင်း မှာ ၂ဝ၁၁ တွင် ဖလားရရှိထားသည်။
၂ဝ၁၅အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးအများ ဆုံးသွင်းယူထားသည့် ဂျာမနီကစားသမား ဆယ်လီယာ ဆာဆစ်မှာ ခြောက်ဂိုး သွင်းယူထားသည်။ ဒုတိယအများ ဆုံးသွင်းထားသူမှာ ဂျာမနီမှ အန်ဂျာမစ်တက်က ငါးဂိုး သွင်းယူထားသည်။ ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် ဇူလိုင် ၆ ရက် နံနက် ၅ နာရီခွဲတွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
တတိယနေရာလုပွဲအဖြစ် ဂျာမနီနှင့်အင်္ဂလန်တို့ ဇူလိုင် ၅ ရက် နံနက် ၂ နာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
သီဟ-ရေးသည်

No comments:
Post a Comment