Thursday, July 30, 2015

ဒေသအတွင်း သဘာဝပတ်ဝန်းကျင်မထိခိုက်စေသော တာဝန်သိခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်ရေး ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်



Myanmaalinn's photo.

နေပြည်တော် ဇူလိုင် ၂၉

တတိယအကြိမ်မြောက် ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ)နှင့် ဒုတိယအကြိမ် မြောက် ဧရာဝတီ၊ ကျောက်ဖယား၊ မဲခေါင်(အက်မက်စ်) ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ Hilton Hotel ၌ကျင်းပရာ အမျိုးသားခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတက်ရောက်၍ မိန့်ခွန်း ပြောကြားသည်။
အခမ်းအနားတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ‘ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က မြန်မာနိုင်ငံသည် (၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီနှင့် (၆)ကြိမ်မြောက် အက်မက်စ်ထိပ်သီး အစည်းအဝေး များကို ဇွန် ၂၂ ရက်မှ ၂၃ ရက်အထိ နေပြည်တော်တွင် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ စီအယ်လ်အမ်ဗွီပူးပေါင်းဆောင်ရွက်မှုသည် ၂ဝဝ၄ ခုနှစ်တွင်စတင်ခဲ့ပြီး ဒေသအတွင်း ဖွံ့ဖြိုးမှုကွာခြားချက် ကျဉ်းမြောင်းစေရန်နှင့် စီးပွားရေး ပေါင်းစည်းမှုကို အရှိန်အဟုန်မြှင့်တင် ရန်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပါကြောင်း။
အလားတူ အက်မက်စ်ပူးပေါင်းဆောင်ရွက်ရေးသည် ၂ဝဝ၃ ခုနှစ် တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ကျင်းပ ခဲ့သည့် ပထမအကြိမ်မြောက် အက်မက်စ်ထိပ်သီးအစည်းအဝေး စတင်ကျင်းပခြင်းနှင့်အတူ ပေါ်ထွက် လာခဲ့ခြင်းဖြစ်ပါကြောင်း၊ အက်မက်စ် အဖွဲ့ကြီးကို စတင်ထူထောင်သည့် အဓိကရည်မှန်းချက်များမှာ အိမ်နီး ချင်းကောင်းဖြစ်လာစေရေး၊ ဒေသ တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုအားကောင်းလာစေရေး၊ ၂ဝ၁၅ ခုနှစ်တွင် အာဆီယံအသိုက်အဝန်း တည်ထောင်မှုနှင့် နောက်ပိုင်းကာလ များအတွက် အထောက်အကူပြုရေး၊ အဖွဲ့ဝင်နိုင်ငံများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးတို့ ဖြစ်ပါ ကြောင်း၊ မိမိတို့ငါးနိုင်ငံ၏ နယ်စပ် ဒေသများကို စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဇုန်များအဖြစ် အသွင်ပြောင်းနိုင်ရေး၊ လူမှုရေးဆိုင်ရာ တိုးတက်မှုများရရှိ စေရေး၊ ရရှိလာသည့်အကျိုးစီးပွား များ မျှဝေခံစားရေးတို့ကို အဓိက ဦးတည်ဆောင်ရွက်ရန်လည်း ဖြစ်ပါ ကြောင်း။
စီအယ်လ်အမ်ဗွီနှင့် အက်မက်စ် နိုင်ငံများသည် ရိုးရာယဉ်ကျေးမှု၊ ဘာသာတရားနှင့် လူနေမှုဘဝပုံစံများ တွင် အလွန်ဆင်တူမှုရှိပါကြောင်း၊ ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုမှတစ်ဆင့် မိမိတို့နိုင်ငံ များ၏ ပြည်သူများအတွက် လူမှုရေး နှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ် များ အမြင့်ဆုံးရရှိအောင် ဆောင်ရွက် ပေးရန် တူညီသောအမြင်များလည်း ရှိပါကြောင်း။
အက်မက်စ်အဖွဲ့ဝင်နိုင်ငံများ အတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရှေ့သို့ချီတက်ရမည့် ခြေလှမ်းများအတွက် အဖိုးတန်သော အခွင့်အလမ်းများ လက်ဝယ်ရရှိနေပြီ ဖြစ်ပါကြောင်း၊ (၆)ကြိမ်မြောက် အက်မက်စ်ထိပ်သီး အစည်းအဝေး တွင် ထုတ်ပြန်သည့် နေပြည်တော် ကြေညာချက်အတိုင်း နိုင်ငံ့ ခေါင်းဆောင်များသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ အစီအစဉ် ၂ဝ၁၆-၂ဝ၁၈ ကို အတည် ပြုခဲ့ကြပြီး အက်မက်စ်အဖွဲ့ဝင်နိုင်ငံ များမှ ပြည်သူများ၏ အကျိုးစီးပွား အတွက် တစ်ဦးချင်းဖြင့် လည်း ကောင်း၊ နှစ်နိုင်ငံချင်းဖြင့် လည်း ကောင်း၊ စုရုံးပေါင်းစည်း၍ သော် လည်းကောင်း စွမ်းအားများကို နှစ်ဆ စိုက်ထုတ်၍ ထိရောက်စွာ ဆက်လက် အကောင်အထည်ဖော်သွားကြရန် သဘောတူခဲ့ကြပါကြောင်း။
အက်မက်စ်နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်ရေး အထူးဦးစားပေးကဏ္ဍ (၈)ရပ်အနက် တစ်ခုအပါအဝင်ဖြစ် သော ခရီးသွားလုပ်ငန်းဆိုင်ရာ ကနဦးဆောင်ရွက်မှုများဖြစ်သည့် အက်မက်စ်နိုင်ငံများအကြား နိုင်ငံ ဖြတ်ကျော်ခရီးသွားလာမှု မြှင့်တင် ရေး၊ အဖွဲ့ဝင်ငါးနိုင်ငံကို တစ်ခုတည်း သောခရီးစဉ်ဒေသအဖြစ် ဖော်ဆောင် နိုင်ရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်း မြှင့်တင်ဆောင်ရွက်ရေး၊ အထူးသဖြင့် ဗီဇာနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များ လွယ်ကူချောမွေ့ရေးကဲ့သို့ ခရီး သွားလုပ်ငန်းဆိုင်ရာ အထောက်အပံ့ များမြှင့်တင်ပေးရေး၊ ခရီးသွားလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေကြ သူများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပေး ရေး၊ အက်မက်စ်ဒေသအတွင်း သဘာဝပတ်ဝန်းကျင် မထိခိုက်စေ သော တာဝန်သိခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်ရေးတို့ကို ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း။
အက်မက်စ်ပူးပေါင်းဆောင်ရွက် မှုအရ ခရီးသွားလုပ်ငန်း ဆက်စပ် လုပ်ငန်းစဉ်အချို့ဖြစ်သည့် ပုဂံ- ချင်းမိုင်-လောင်ပရာဘန်- ဗီယင် ကျန်း-ဆီယမ်ရိ-ဟွေးခရီးသွား စင်္ကြံ သစ်များဖွံ့ဖြိုးရေး၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း၊ ဒေသခွဲအတွင်း ပေါင်းစည်းဆက်သွယ်မှုမြှင့်တင်ရေး၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ကမ္ဘာလှည့်ခရီးသည် များ ဘေးကင်းလုံခြုံရေးနှင့် ခရီးစဉ် ဒေသများ၏ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး တို့ ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား တစ်ခုတည်း သော ဗီဇာစနစ် ကျင့်သုံးအကောင် အထည်ဖော်ရေးသည် အထူးအာရုံ စိုက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါ ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းဖြင့် ဒေသ တွင်းနိုင်ငံများနှင့် ခရီးဝေးဈေးကွက် များမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည် များ တိုးတက်ရောက်ရှိရေးကို များစွာ အထောက်အကူပြုစေမည် ဖြစ်ပါ ကြောင်း၊ ထို့အပြင် ဒေသခွဲ၏ရေရှည် တည်တံ့ခိုင်မြဲပြီး တာဝန်ယူမှုရှိ သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကို အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ တာဝန်သိခရီးသွား လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများ နှင့် ကတိကဝတ်ပြုမှုများအတွက် စီအယ်လ်အမ်ဗွီနှင့် အက်မက်စ် ခရီးသွားလုပ်ငန်းဝန်ကြီးများကို ဝမ်း မြောက်ဂုဏ်ပြုကြောင်း၊ တစ်ဆက် တည်းမှာ မိမိတို့အချင်းချင်းသည် လည်းကောင်း ပုဂ္ဂလိကကဏ္ဍ၊ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများ၊ ကမ္ဘာ့အချိတ်အဆက်များနှင့် လည်း ကောင်း ပူးပေါင်းဆက်သွယ် ဆောင်ရွက်မှု တိုးမြှင့်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယခု နေပြည်တော်တွင် ပြုလုပ်သည့် နှစ်ရက်တာ အစည်းအဝေးများမှ တစ်ဆင့် ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုး ဖြစ်ထွန်းစေမည့် ဆွေးနွေးဆုံးဖြတ် ချက်များနှင့် ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ‘ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် တတိယအကြိမ် မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ဒုတိယအကြိမ် မြောက် ဧရာဝတီ၊ ကျောက်ဖယား၊ မဲခေါင်ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာ ကြသူများနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ကြသည်။
တတိယအကြိမ်မြောက် ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ)နှင့် ဒုတိယအကြိမ် မြောက် ဧရာဝတီ၊ ကျောက်ဖယား၊ မဲခေါင် (အက်မက်စ်)ခရီးသွားလုပ်ငန်း ဝန်ကြီးများအစည်းအဝေးကို ဟိုတယ် အေစီအီး ရာမညခန်းမ၌ ဆက်လက်ကျင်းပရာ (၆)ကြိမ်မြောက် အက်မက်စ်ထိပ်သီးအစည်းအဝေးမှ ထုတ်ပြန်သည့် နေပြည်တော်ကြေညာ ချက်၊ အက်မက်စ်အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း စီမံချက် (၂ဝ၁၃-၂ဝ၁၅) ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ပြန်လည်သုံးသပ် ခြင်း၊ အက်မက်စ်အဖွဲ့ဝင်နိုင်ငံများ ဆိုင်ရာ ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း စီမံချက် (၂ဝ၁၆-၂ဝ၁၈)အပေါ် ဆွေးနွေးခြင်း နှင့် အဆိုပါလုပ်ငန်းစီမံချက်ပါ ပူးပေါင်းဆောင်ရွက်မှုများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment