Wednesday, July 1, 2015

ရီးယဲလ်အား အသာရရန် ကစားသမားသစ်များထပ်မံအားဖြည့်ဦးမည်ဟု ဘာမူတိုအတည်ပြု


 
ပြီးခဲ့သည့်နှစ်ဘောလုံးရာသီက ဘာစီလိုနာအနေဖြင့် သမိုင်းဝင်ဖလားသုံးလုံးဆွတ်ခူးရရှိခဲ့သော်လည်း ဘာစီလိုနာဥက္ကဋ္ဌ ဘာမူတိုက ဘာစီလိုနာအနေဖြင့် ရီးယဲလ်အား အသာရရန် ကစားသမားသစ်များထပ်မံခေါ်ယူအားဖြည့်ရဦးမည်ဟု အတည်ပြုပြောကြားခဲ့သည်။ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆီဗီလာ ကစားသမားဗီဒယ်လ်အား ဘာစီလိုနာမှခေါ်ယူထားခဲ့ပြီးဖြစ်သော်လည်း ဖီဖာ၏ အပြောင်းအရွှေ့ပိတ်ပင်ခံရမှုကြောင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှသာ တရားဝင်လာရောက်ကစားခွင့်ရမည်ဖြစ်သည်။
ဘာမူတိုလက်ထက်တွင် အကြီးမားဆုံးကစားသမားခေါ်ယူမှုအဖြစ် ၂ဝ၁၃ ခုနှစ်၌ နေမာ၊ ၂ဝ၁၄ ခုနှစ်တွင် ဆွာရက်ဇ်တို့အား ခေါ်ယူပေးပြီးဖြစ်သည်။
ဘာမူတိုက'' ကျွန်တော်တို့ရှိတဲ့ ကစားသမားအင်အားနဲ့ပဲ နောင်နှစ်ဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းရင် မဟာပြိုင်ဘက် ရီးယဲလ်ကို အခွင့်အရေးပေးမိသလိုဖြစ်သွားမှာပါ။ ရီးယဲလ်ဟာ ဈေးကွက်ဖွင့်ချိန်ဆိုရင် တက်တက် ကြွကြွနဲ့ ကစားသမားကောင်းတွေကို ရအောင်ခေါ်ယူလေ့ရှိတဲ့အသင်းမျိုးလေ။ဒါကြောင့်ဘာကာအနေနဲ့ လက်နှေး နေလို့မဖြစ်ပါဘူး။ကလပ်အသင်းက လိုချင်နေတဲ့ကစားသမားတွေကို အကြိုသဘောတူညီချက်ယူလို့ရတဲ့ အဆင့်ရ အောင်တော့ ဒီနွေဈေးကွက်မှာကတည်းက လှုပ်ရှားထားရမှာပါ'' ဟုဆိုခဲ့သည်။
လာမည့်ဇူလိုင် ၁၈ ရက်တွင် ဘာစီလိုနာဥက္ကဋ္ဌရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ရာ ယခင်ဥက္ကဋ္ဌဟောင်း ဂျိုဟန်လာပေါ်တာနှင့် ဘာမူတိုတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ လာပေါ်တာက ၄င်းသာ ဘာစီလိုနာဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးခံရလျှင် ဂျူဗင်တပ်ကွင်းလယ်ကြယ်ပွင့်ပေါ့ဘာအား နျူးကမ့်ကွင်းသို့ အရောက်ခေါ်ယူပေးမည်ဟုကတိပြုပြောကြားထားခဲ့သည်။
(မေလဲ့သင်း)

No comments:

Post a Comment