Thursday, July 2, 2015

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး





ပြင်ဆင်သင့်သည့်ဥပဒေများကို လွှတ်တော်ကိုယ်စားလှယ်အားလုံးက တူညီသောဆန္ဒဖြင့် ဆောင်ရွက်ကြရန် လိုအပ်


နေပြည်တော် ဇူလိုင် ၁
ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၆၆) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ ပုဒ်မခွဲ(ဃ)ကို ပြင်ဆင်နိုင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းပြောကြားသည်။ (ယာပုံ)
လွှတ်တော်နာယကက ရှင်းလင်း ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်တွင် ပါဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၆ ခုနှင့် သက်ဆိုင်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်း ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းကျော် က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပါ ကြောင်း။
အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ ၂ဝ၁၅ ခုနှစ် ဇွန် ၂၅ ရက် တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ပြင်ဆင်ရန်တင်သွင်းသည့် ပုဒ်မ၊ ပုဒ်မခွဲ ၆ ခုအနက်မှ ပုဒ်မ ၅၉(ဃ)ကို ထောက်ခံဆန္ဒမဲ ၅၅၆ မဲဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်ကပြင်ဆင်ရန် သဘောတူညီ သည့်အတွက် ပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန် ပြည် လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ဥပဒေသတ်မှတ်ပြဋ္ဌာန်းချက်များ နှင့်အညီ ပုဒ်မ ၅၉ ပုဒ်မခွဲ(ဃ) ပြင်ဆင်နိုင်ရေး ဆက်လက်ဆောင် ရွက်ရာတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ သီးခြားလုပ်မည်ဆိုပါက အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေအားလုံး ထပ်မံ လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ပုဒ်မခွဲ(ဃ) ပြင်ဆင်နိုင်ရေး ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကို ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ပူးတွဲပြုလုပ်နိုင် ရန်အတွက် ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌထံသို့ အကြောင်း ကြားစာပေးပို့၍ အဆိုပြု ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆက်လက်ဆွေးနွေး ကြရာ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇)မှ ဒေါက်တာဗညားအောင်မိုးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်တို့ကို တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များက ရွေးချယ်ပြီး ခန့်အပ်ရမည်ဆိုသည်ကို ထောက်ခံ ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်စံဦးက သမ္မတဦးဆောင်သော ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံ များတွင် အစိုးရအဖွဲ့ ဖွဲ့စည်းရေး သည် နိုင်ငံတော်သမ္မတ၏ တာဝန် ဖြစ်ပြီး အစိုးရအဖွဲ့တွင်ပါဝင်မည့် ဝန်ကြီးများကို သင့်လျော်သော ပုဂ္ဂိုလ်များအား ရွေးချယ်ခန့်ထားခွင့် ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတ အနေဖြင့် လိုအပ်လျှင် သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ရင့်ကျက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ အား ရွေးချယ်ခန့်အပ် တာဝန်ပေးနိုင် သော အခွင့်အလမ်းရရှိရန် လိုအပ်ပါ ကြောင်း။
ပြည်ထောင်စုဝန်ကြီး တစ်ဦး အနေဖြင့် ယခင်က နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်ခဲ့သော်လည်း ဝန်ကြီးတစ်ဦးဖြစ်လာသည့် နေ့မှစ၍ ဝန်ကြီးဌာန လုပ်ငန်းတာဝန်များကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ပါက မိမိဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် ပါတီနိုင်ငံရေးနှင့် ဆက်နွှယ်လာနိုင်ပါကြောင်း ဆွေးနွေး သည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ်(၁ဝ)မှ ဦးသိမ်းဆွေက ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ရွေးကောက်တင် မြှောက်ထားကြသည့် လွှတ်တော် ကိုယ်စားလှယ်အများစု ပါဝင်သည့် ကော်မတီအသီးသီးကို ပြည်ထောင်စု အဆင့်အဖြစ် သတ်မှတ်ပေးသင့်ပါ ကြောင်း၊ သို့မှသာ အချို့ကိစ္စများကို အဆင့်နှင့်အညီ ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည်သူလူထုလိုလား နှစ်သက်မှသာ အကျိုးသက်ရောက် မည်ဖြစ်ပြီး ပြည်သူက လေးစားလိုက် နာမည်ဖြစ်ပါကြောင်း၊ ပြည်သူ လူထု ပူးပေါင်းဆောင်ရွက်မှုမရှိပါက မည်သည့်အစိုးရမျှ လုပ်ငန်းများ အောင်မြင်မည် မဟုတ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သည် တပ်မတော်နှင့် ပြည်သူအကြား ယုံကြည်မှုတည်ဆောက်ရန် အခွင့် အလမ်းကြီးဖြစ်နေပါကြောင်း၊ ပြည်သူ ချစ်ခင်လေးစားရသည့် တပ်မတော် ဖြစ်ရန် အခြေအနေကောင်းများ ရှိနေပြီဖြစ်သည့်အတွက် ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်သည်များကို တိုင်းပြည် နှင့်ပြည်သူအကျိုးအတွက် ဒီမိုကရေစီ ယဉ်ကျေးမှုနှင့်အညီ ပြုပြင်ပြောင်းလဲ ကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။
သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဝင်းခိုင် က အခြေခံဥပဒေကို ပြင်ဆင်ရာတွင် တိုင်းရင်းသားပြည်သူများ လိုလား နေသည့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်နိုင်သည့် အခင်းအကျင်းဖြစ် အောင် ပြင်ဆင်ပေးခြင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အခြေခံဖြစ် သည့် ဗဟိုချုပ်ကိုင်မှုနည်းပြီး အာဏာ ခွဲဝေမှုများအတွက် ပြင်ဆင်ပေးခြင်း၊ တိုင်းရင်းသားများ ဆန္ဒပြုနေသည့် နိုင်ငံရေးတန်းတူမှုဖြစ်အောင်ပြင်ဆင် ပေးခြင်းများ ပြုလုပ်သင့်ပါကြောင်း၊ သို့မှသာ ပြည်သူများ တောင့်တ နေသည့် ပြည်တွင်းပဋိပက္ခများ ရပ်စဲနိုင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ရနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေး သည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)မှ ဦးပေါ်လျှံလွင်က အခြေခံဥပဒေ ကို အားလုံးက စောင့်ထိန်းလိုက်နာ ရန် တာဝန်ရှိပါကြောင်း၊ ထိုဥပဒေ သည် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် အကျိုးမရှိ အဟန့်အတား ဖြစ်နေမည်ဆိုပါက နိုင်ငံသားများ၏ အကျိုးကိုဦးစားပေး၍ ပြင်ဆင်သင့် သည့်ဥပဒေများကို လွှတ်တော် ကိုယ်စားလှယ်အားလုံးက တူညီ သောဆန္ဒဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဖြေလျှော့ ပေးရန် လိုအပ်သည့်ဥပဒေများကို ဖြေလျှော့ပေးရန်လိုအပ်ပြီး တိုးမြှင့် ပေးရန်လိုသည့် ဥပဒေများကို တိုးမြှင့် ပေးရမည်ဖြစ်ပါကြောင်း ဆွေးနွေး သည်။
ယင်းဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၂၁ ဦးတို့ကလည်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
(သတင်းစဉ်)

No comments:

Post a Comment