Thursday, July 2, 2015

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


 
နေပြည်တော် ဇူလိုင် ၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် အမျိုးသားလုံခြုံရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး နှင့် ပြည်ထဲရေးဝန်ကြီး မစ္စတာ တိုချီဟန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ဆောင် ရွက်မှုအခြေအနေများ၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဆွေးနွေးနေမှုအခြေအနေများ၊ နည်းပညာနှင့် လူသား အရင်းအမြစ်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးကိုကိုနိုင်၊ ဒေါ်အေးအေး မူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး စင်ကာပူသမ္မတနိုင်ငံ ‘ဒုတိယဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာရောဘတ်ချွာလည်း တက်ရောက်သည်။
စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ (၆၆)ရက်မြောက်နေ့ အစည်းအဝေးကျင်းပနေမှုကို လေ့လာကြည့်ရှုကြသည်။
(သတင်းစဉ်)

No comments:

Post a Comment