Wednesday, July 29, 2015

မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေး ၀န်ကြီးဌာနတို့ ပူးပေါင်းပြီး လူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်



Myanmaalinn's photo.

နေပြည်တော် ဇူလိုင် ၂၈

မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းသည် ဇူလိုင် ၂၅ ရက်က နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ကန်ဇွန်းအင်းကျေးရွာ၌ ရွေ့လျားကျန်းမာရေးဆေးခန်း ဖွင့် လှစ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အသင်း အတွင်းရေးမှူး ဒေါ်တင်တင်ဝင်းက အမှာစကားပြောကြားပြီး အသင်းမှ ဒေါက်တာသက်နိုင်ဦးက''ရာသီအလိုက် ဖြစ်ပွားတတ်သောရောဂါများ၊ သွေး လွန်တုပ်ကွေးရောဂါအကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း'' ရှင်းလင်းဟောပြောသည်။
ထို့နောက် အဘိုးအဘွားများအား အားဆေးနှင့် အာဟာရများကို လည်း ကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို တစ်ခါသုံးမွေးအိတ်၊ အိုင်အိုဒင်းဆား နှင့် ဆပ်ပြာများကို လည်းကောင်း၊ ကျေးရွာ စာကြည့်တိုက်အတွက် မေတ္တာစမ်းရေမဂ္ဂဇင်းများကို လည်း ကောင်း လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ အသင်းမှ လက်ထောက်ဆရာဝန်များက''အသက် ၁၈ နှစ် မှ ၂၄ နှစ်အတွင်းရှိ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့အား ပျိုရွယ်သူမျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာအကြောင်း''ကို လည်းကောင်း၊ မေတ္တာစမ်းရေ ဆေးခန်းတာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ စမ်းစမ်းလှိုင်နှင့် အဖွဲ့က ''ရွေ့လျားကျန်းမာရေးဆေးခန်း ဖွင့် လှစ်ရခြင်း''နှင့် ''ကိုယ်ဝန်ဆောင် စနစ်တကျ စောင့်ရှောက်မှုခံယူရန် အရေးပါမှု၊ ကျွမ်းကျင်သူများဖြင့် မွေးဖွားရန်အကြောင်း'' ကိုလည်း ကောင်း အုပ်စုလိုက် ကျန်းမာရေး ပညာပေးဆွေးနွေးကြသည်။
ထို့နောက် ကိုယ်ဝန်ဆောင် ၁ဝ ဦးကို ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ပေးခြင်း၊သက်ကြီးဘိုးဘွား ၄၁ ဦး ကို ကျန်းမာရေးစစ်ဆေးခြင်း၊ မျက်စိ လူနာ ၃၉ ဦးကို ကြည့်ရှုစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းလူနာ ၁၆ ဦးကို ကုသ ခြင်းနှင့် အထွေထွေလူနာ ၁ဝ၁ ဦး ကို ကြည့်ရှုစစ်ဆေး ကုသပေးခြင်း၊ လူနာအချို့ကို နီးစပ်ရာကျန်းမာရေး ဌာနသို့ ညွှန်းပို့ခြင်းနှင့် ချို့တဲ့လူနာ များကို ထောက်ပံ့ခြင်းများလည်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ရွေ့လျားဆေးခန်း ဆောင်ရွက်ရာသို့ မြန်မာနိုင်ငံ မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်း မှ အတွင်းရေးမှူး ဒေါ်တင်တင်ဝင်း နှင့် တွဲဖက်အတွင်းရေးမှူးများ၊ ခုတင် ၁ဝဝဝ နေပြည်တော် ပြည်သူ့ဆေးရုံ ကြီးမှ သွားဘက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးအဖွဲ့၊ ပျဉ်းမနားခုတင် ၃ဝဝ အငြိမ်းစားဆေးရုံမှ မျက်စိ အထူးကုဆရာဝန်ကြီးအဖွဲ့၊ နေပြည် တော် မိခင်နှင့် ကလေး စောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့မှ အတွင်းရေးမှူး၊ ပုဗ္ဗသီရိမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ပုဗ္ဗသီရိ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဆရာ ဆရာမများ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း မေတ္တာစမ်းရေဆေးခန်းမှ တာဝန်ခံဆရာဝန်ကြီးနှင့် ဆရာဝန် များ တက်ရောက်ကြသည်။
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းသည် ၂ဝ၁ဝ ပြည့်နှစ်မှစ၍ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းကာ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေး ဆေးခန်း ဖွင့်လှစ်၍ ကျန်းမာရေးပညာပေး ဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများအား ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ ပစ္စည်းများ လှူဒါန်းခြင်း၊ မျက်စိနှင့် သွားကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းတို့ကို တစ်လတစ်ကြိမ် ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

(သတင်းစဉ်)

No comments:

Post a Comment