Thursday, July 30, 2015

မော်ရင်ဟိုနှင့် အာစင်ဝင်းဂါးတို့စကားစစ်ထိုးပွဲပြန်လည်အသက်ဝင်လာခဲ့ပြီ



The Mirror Daily's photo.


ပြီးခဲ့သည့်ရက်ပိုင်းကပင် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက နည်းပြဝင်းဂါးအနေဖြင့် အာဆင်နယ်ကို ချယ်လ်ဆီး၏ပြိုင်ဘက်ကောင်းဖြစ်လာစေရန် အမှန်တကယ်ဖြည့်ဆည်းဝယ်ယူရမည့်အရာမှာ ဂဏန်းပေါင်း စက်တစ်လုံးသာ ဖြစ်သည်ဟု ကွန်မြူနတီဒိုင်းပြိုင်ပွဲမယှဉ်ပြိုင်မီစကားစစ်ထိုးပြောကြားခဲ့သည်။

မော်ရင်ဟိုက အာဆင်နယ်သည် ပရီမီယာလိဂ်ဖလား ပြန်လည်ရလိုဇောဖြင့်နှစ်နှစ်အတွင်း အိုဇေးလ်၊ ဆန်းချက်ဇ်၊ ချိန်ဘားစ်နှင့် ဒီဘူချီတို့အတွက် ပေါင်သန်း ၁၅ဝ နီးပါး အသုံးပြုခဲ့သော်လည်း အက်ဖ်အေဖလားနှစ်လုံး ဖြင့်သာကျေနပ်နေရကြောင်းလှောင်ပြောင်ခဲ့သည်။ ယခု အချိန်အာဆင်နယ်အနေဖြင့်ရှေ့၊ နောက်၊ အလယ်အပြင် ဂိုးသမားနေရာတွင်ပါ ပြီးပြည့်စုံသည့် အံ့ဖွယ်ကစားသမား များပိုင်ဆိုင်ထားပြီးဖြစ်သောကြောင့် ချန်ပီယံဆုဖလားပြန် လည်ရရှိရန် ဂဏန်းပေါင်းစက်တစ်လုံးသာ ထပ်မံဝယ်ယူရန်လိုအပ်တော့သည်ဟု အာဆင်နယ်၏အပြောင်း အရွှေ့ကိစ္စရပ်အား ဝေဖန်ထိုးနှက်ခဲ့သည်။
ဝင်းဂါးကမူ အာဆင်နယ်၏အပြောင်းအရွှေ့မူဝါဒအား အခြားကလပ်အသင်းများကလာရောက်လွှမ်းမိုးနေမှုကို လက်ခံမည်မဟုတ်ဘဲ ချယ်လ်ဆီးနှင့် ယှဉ်ပြိုင်ရမည့် ကွန်မြူနတီဒိုင်းအတွက်သာ အပြည့်အဝအာရုံစိုက်ကာ ချဉ်းကပ်သွားမည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

''ကျွန်တော်တို့မှာ ဘာမှဝယ်စရာပိုက်ဆံမရှိရင် ဘာမှသုံးဖြစ်မှာမဟုတ်ပါဘူး။ ငွေရှိနေတော့ ကိုယ့်စိတ်ကြိုက်ကစားပေါက်တွေ့တဲ့ ကစားသမားမျိုးဆိုရင် အခြားအသင်းထက် လက်ဦးမှုရအောင်ဝယ်ထားရမှာပေါ့။ ဒါကရိုးရိုးရှင်းရှင်းလေးပါပဲ။ ကိန်းဂဏန်းတွေအရ ကျွန်တော်ဝယ်ယူခဲ့တဲ့ကစားသမားတွေဟာ ဒီအသင်းမှာပဲ တိုးတက်သွားတယ်ဆိုတဲ့ အချက်တွေကို ခင်ဗျားတို့ မြင်ကြရမှာပါ။ ဘောလုံးကစားနည်းဆိုတာ အနိုင်ရရုံ သက်သက်နဲ့ ပြီးပြည့်စုံတာမဟုတ်ဘဲ ရသပါ ပေးစွမ်းနိုင်မှု လည်းရှိရပါမယ်'' ဟုဝင်းဂါးက မော်ရင်ဟို၏စကားအား ပြန်လည်ချေပခဲ့သည်။

အာဆင်နယ်သည် ၂ဝ၁၃မှ ၂ဝ၁၅ အထိကစားသမား ဝယ်ယူမှုအသုံးစရိတ်အဖြစ် ပေါင် ၁၄၂သန်းအသုံးပြုခဲ့ပြီး ပြန်လည်ရောင်းချမှုမှဝင်ငွေပေါင် ၃၆ ဒသမ ၈ သန်း ခန့်သာရှိခဲ့ရာ အသားတင်သုံးစွဲမှု ပမာဏမှာ ၁ဝ၅ ဒသမ ၃ သန်းအထိမြင့်တက်ခဲ့သည်။ ချယ်လ်ဆီးအသင်းမှာမူ မော်ရင်ဟိုပြန်လည်ကိုင်တွယ်ခဲ့သည့် ကာလအတွင်း အဝယ်စာရင်းအတွက်ပေါင်၂၁၆ ဒသမ ၈ သန်းအထိရှိခဲ့ သော်လည်း ရောင်းချမှုမှ ပေါင် ၁၇၉ ဒသမ၂ သန်းအထိ ပြန်လည်ရရှိခဲ့ရာ အသင်းမှ စိုက်ထုတ်သုံးစွဲရမှုပမာဏမှာ ပေါင် ၃၇ ဒသမ ၆ သန်းခန့်သာရှိသည်။

အာဆင်နယ်ဒါရိုက်တာ ဟားရစ်က ကလပ်အသင်း အနေဖြင့် လိုချင်သည့်ကစားသမားအားလုံးနီးပါးကိုဝယ် ယူနိုင်ရန်ပေါင်သန်း၂ဝဝ ခန့်သုံးစွဲနိုင်သည်ဟု ဆိုခဲ့သော်လည်း ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးဂိုးသမားပီတာဆက်ခ်ျတစ်ဦးတည်းကိုသာ ခေါ်ယူနိုင်သေးသည်။ သို့သော် နွေဈေးကွက်ကာလသည် စက်တင်ဘာ ၁ ရက်ရောက်မှသာ ပိတ်သိမ်းမည်ဖြစ်၍ အာဆင်နယ်အနေဖြင့် မည်သည့်ကစားသမားများကို ထပ်မံခေါ်ယူနိုင်မည်လဲဆိုသည်ကို အတိအကျမတွက်ချက် နိုင်သေးပေ။ ထို့ကြောင့် အာဆင်နယ်၏အပြောင်းအရွှေ့ အသုံးစရိတ်များလည်း ဆက်လက်မြင့်တက်လာဖွယ်ရှိသည်။
ယင်းကိစ္စရပ်အတွက် မန်စီးတီးနည်းပြ ပယ်လီ ဂရီနီကမူ မော်ရင်ဟိုမှာ ယခုအသက်အရွယ်အထိရင့်ကျက်မှု မရှိသေးဘဲ ကလေးဆန်ဆန်စကားစစ်ထိုးမှုများဖြင့် သူတစ်ပါးအားလှောင်ပြောင်နေတတ်ဆဲဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့သည် ပရီမီယာ လိဂ်ရာသီဖွင့်ပွဲအကြိုအဖြစ် ကွန်မြူနတီဒိုင်းပွဲစဉ်ကို သြဂုတ် ၂ ရက်၌ ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment