Thursday, July 30, 2015

ကော်ဒိုဘာနောက်တန်းကစားသမား ခရက်စပိုအား အက်စတွန်ဗီလာခေါ်ယူ





The Mirror Daily's photo.
 


ပရီမီယာလိဂ်ကလပ် အက်စတွန်ဗီလာ အသင်းသည် ယခုနှစ်နွေရာသီအပြောင်း အရွှေ့ကာလ၏ ခုနစ်ဦးမြောက်ကစား သမားခေါ်ယူမှုအဖြစ် ကော်ဒိုဘာ နောက်တန်းကစားသမား ခရက်စပိုအား စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အသက်(၂၈)နှစ်အရွယ်ရှိ နောက်တန်း ကစားသမား ခရက်စပိုသည် အက်စတွန် ဗီလာအသင်းနှင့် သုံးနှစ်သက်တမ်းရှိစာချုပ် တစ်ရပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ကော်ဒိုဘာ အသင်း၌ ကစားစဉ် ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီအတွင်း ကော်ဒိုဘာအသင်းအတွက် ပွဲပေါင်း ၂၉ ပွဲအထိ ပါဝင် ကစားပေးခဲ့သူဖြစ်သည်။

''ခရက်စပိုဟာ ဥရောပရဲ့ အကောင်းဆုံးပြိုင်ပွဲတွေထဲက လာလီဂါနဲ့ စီးရီးအေတို့မှာ ကစားခဲ့တဲ့သူဖြစ်ပြီး အတွေ့အကြုံပိုင်းလည်း ရင့်ကျက်မှုရှိတဲ့ကစားသမားတစ်ဦးပါ''ဟု အက်စတွန်ဗီလာအသင်းနည်းပြ တင်ရှားဝုဒ်က ပြောကြားခဲ့သည်။
အက်စတွန်ဗီလာအသင်းသည် နိုက်စ်အသင်းမှ ပြင်သစ်ယူ-၂၁ ကစားသမား အာမာဗီကိုလည်း ငါးနှစ်သက်တမ်း ရှိစာချုပ်တစ်ရပ်ချုပ်ဆိုကာခေါ်ယူခဲ့သည့်အပြင် မန်စီးတီးနောက်တန်းကစားသမား မီကာရစ်ချက်ဒ်ကိုလည်း အလွတ် ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူကာ အသင်း၏ နောက်တန်းခံစစ်ကြောင်းအတွက် အားဖြည့်ထားခဲ့ပြီဖြစ်သည်။

အက်စ်တွန်ဗီလာအသင်းသည် လက်ရှိဂိုးသမားရှေးဂစ်ဗင်မှာ စတုတ်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားရန် သေချာနေခြင်းကြောင့် နော့ရစ်ခ်ျဂိုးသမားဟောင်း မာ့ခ်ဘန်းကိုလည်း နှစ်နှစ်သက်တမ်းရှိစာချုပ်ဖြင့် ခေါ်ယူထားခဲ့ သည်။

ထို့ပြင် အက်စတွန်ဗီလာအသင်းသည် တိုက်စစ်မှူးများဖြစ်ကြသည့် မန်စီးတီးအသင်းတောင်ပံကစားသမား စကော့ဆင်ကလဲယားကို လေးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ဖြင့်လည်းကောင်း၊ လော်ရီးရန်အသင်းမှ ဂါနာတိုက်စစ်မှူး ဂျော်ဒန်အေးကို ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ဖြင့်လည်းကောင်း ခေါ်ယူထားခဲ့သည်။ အက်စတွန်ဗီလာအသင်းသည် ကွင်းလယ်ပိုင်းအင်အား တောင့်တင်းစေရေးအတွက်မူ လိုင်လီအသင်းမှ ဆီနီဂေါကွင်းလယ်ကစားသမား အိုင်ဒရစ် ဆာဂူရီကို လေးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုကာ ခေါ်ယူထားခဲ့ပြီးဖြစ်သည်။

အက်စတွန်ဗီလာအသင်းသည် တိုက်စစ်မှူးဘန်တီကီနှင့် ကွင်းလယ်ကစားသမား ဖာဘီယန်ဒဲလ်တို့အား ရောင်းချခဲ့ပြီးနောက် ကစားသမားသစ်အများအပြားကို ခေါ်ယူအားဖြည့်ခဲ့သည်။ အက်စတွန်ဗီလာအသင်းအနေဖြင့် လက်ရှိ ကော်ဒိုဘာနောက်တန်းကစားသမားခရက်စပိုအား ခေါ်ယူလိုက်ခြင်းသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလ အတွက် ခုနစ်ဦးမြောက်ကစားသမားခေါ်ယူမှုလည်း ဖြစ်လာခဲ့သည်။
ငွေကြယ်

No comments:

Post a Comment