Thursday, July 2, 2015

ကိုပါအမေရိကဖလားဗိုလ်လုပွဲ အာဂျင်တီးနားနှင့် ချီလီတွေ့ပြီ




ချီလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ကိုပါအမေရိကဖလား ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ် တစ်ပွဲအဖြစ် အာဂျင်တီးနားအသင်းနှင့် ပါရာဂွေးအသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ အာဂျင်တီးနား အသင်းက ပါရာဂွေးအသင်းအား ခြောက် ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
အာဂျင်တီးနားအသင်းသည် ၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိုပါအမေရိကဖလားကို ကိုင်မြှောက်အောင်ပွဲခံနိုင်မည့်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အာဂျင် တီးနားအသင်းသည် ၂ဝဝ၇ ခုနှစ်က ကိုပါအမေရိက ဖလားပြိုင်ပွဲဗိုလ်လုပွဲကို နောက်ဆုံးတက်လှမ်းခဲ့ခြင်းဖြစ်သည်။
အာဂျင်တီးနားအသင်းနှင့် ပါရာဂွေး အသင်းတို့၏ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အာဂျင်တီးနား အသင်းအတွက် သွင်းဂိုးများကို ပွဲကစားချိန် ၁၅ မိနစ်တွင် မက်ဆီ၏ အလွတ်တည်ကန် ဘောမှ တစ်ဆင့် ရိုဂျိုက အဖွင့်ဂိုးသွင်းယူ ပေးခဲ့သည်။ ထို့ကြောင့် ပွဲကစားချိန် ၂၇ မိနစ်တွင် ပက်စတိုး၊ ၄၇ မိနစ်နှင့် ၅၃ မိနစ် တို့တွင် ဒီမာရီယာ၊ ပွဲကစားချိန်မိနစ် ၈ဝ တွင် အဂူရိုနှင့် ပွဲကစားချိန် ၈၃ မိနစ်တွင် ဟီဂူအင်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပါရာဂွေးအသင်းအတွက် ချေပဂိုးကို ပွဲကစားချိန် ၄၃ မိနစ်တွင် ကာဆီရက်စ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
အာဂျင်တီးနားအသင်း၏ ၂ဝ၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲတစ်လျှောက် ဖြတ်သန်းမှုကို ပြန်ကြည့်မည်ဆိုပါက အုပ်စုအဆင့်သုံးပွဲဖြစ်သည့် ပါရာဂွေး အသင်းနှင့် ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီသရေ၊ ဥရုဂွေးအသင်း၊ ဂျမေကာ အသင်းတို့နှင့် ပွဲစဉ်များတွင် တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။ ကိုလံဘီယာအသင်းနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ်အဆင့်တွင်မူ သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေဖြစ် ခဲ့ခြင်းကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာ ငါးဂိုး-လေးဂိုးဖြင့် အာဂျင်တီးနားအသင်း အနိုင်ရရှိခဲ့သည်။
လက်ရှိတွင် အာဂျင်တီးနားအသင်း သည် ကိုပါအမေရိကဖလားပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် အိမ်ရှင်ချီလီ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အဆိုပါပွဲစဉ်ကို ဇူလိုင် ၄ ရက်တွင် ဆန်တီယေဂို၌ ကျင်းပသွားမည်ဖြစ်သည်။
နိုင်လင်းကြည်

No comments:

Post a Comment