Wednesday, July 1, 2015

ကိုပါအမေရိကဖလား အိမ်ရှင် ချီလီ တို့ ဗိုလ်လုပွဲ တက်



 

ကိုပါအမေရိက ၂ဝ၁၅ ပြိုင်ပွဲများကို ချီလီနိုင်ငံတွင် ကျင်းပလျက်ရှိရာ အင်္ဂါနေ့နံနက်ပိုင်းက ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်ချီလီအသင်းနှင့် ပီရူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ချီလီအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။
ဗိုလ်လုပွဲ တက်နိုင်ဖို့အရေး နှစ်သင်းစလုံး ပွဲစစချင်း အားစိုက် ကစားခဲ့ရာ ပွဲချိန် ၇ မိနစ်တွင် ပီရူး နောက်ခံကစားသမား ဇမ်ဘရာနို ကြမ်းတမ်းစွာ ကစားသောကြောင့် အဝါကတ်ပြကာ သတိပေးခံခဲ့ရသည်။
ပွဲချိန် မိနစ်၂ဝ တွင် ဇမ်ဘရာနို က ထပ်မံ၍ ဘောလုံးဖျက်ထုတ်ရင်း ချီလီကွင်းလယ်ကစားသမား အရန် ဂိုက်ဇ်၏ကျောကို ကန်မိခဲ့သဖြင့် အနီ ကတ်ပြထုတ်ပယ်ခဲ့သည်။ အိမ်ရှင် ချီလီအသင်းသည် တစ်ယောက် အသာဖြင့် ဖိကစားခဲ့ရာ ပွဲချိန် ၄၂ မိနစ်တွင် ချီလီတိုက်စစ်မှူး ဗားဂက်စ်က အဖွင့်ဂိုးသွင်းယူပေး ခဲ့သည်။
ဒုတိယပိုင်းတွင် ပီရူးအသင်း ချေပဂိုးရရန် တန်ပြန်တိုက်စစ်ဆင် ခဲ့ပြီး ပွဲချိန် မိနစ် ၆ဝ တွင် ပီရူးအသင်း ဖြတ်တင်ဘောကို ချီလီနောက်ခံ ကစားသမား ဂါရီမက်ဒယ်ဖျက်ထုတ် ရာမှ ကိုယ့်ဂိုးကိုယ် သွင်းယူမိသလို ဖြစ်ခဲ့သည်။ ပွဲချိန် ၆၄ မိနစ်တွင် ချီလီ အသင်းအတွက် အနိုင်ဂိုးကို တိုက်စစ်မှူးဗားဂက်စ်မှ ထပ်မံသွင်း ယူခဲ့သည်။ ပွဲပြီးချိန်တွင် ချီလီ အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။
ကိုပါအမေရိကဖလား ဗိုလ်လု ပွဲစဉ်ထိ အများဆုံးတက်ရောက်ထား သည့်အသင်းမှာ ဥရုဂွေးအသင်းဖြစ်ပြီး (၁၅) ကြိမ်ထိ တက်ရောက်ထားသည်။ ဖလားအများဆုံးရရှိထားသည့်အသင်း မှာ အာဂျင်တီးနားအသင်းဖြစ်ပြီး ကိုးကြိမ်ရရှိထားသည်။ ဥရုဂွေး ခုနစ်ကြိမ်၊ ချီလီ ခုနစ်ကြိမ်၊ ပီရူး ခြောက်ကြိမ်၊ ဘရာဇီး လေးကြိမ်၊ အီကွေဒေါ သုံးကြိမ်၊ ဘိုလီဗီးယား နှစ်ကြိမ်၊ ပါရာဂွေး၊ ကိုလံဘီယာ နှင့် ဗင်နီဇွဲလားတို့ တစ်ကြိမ်စီ ရရှိထားသည်။
တောင်အမေရိကဇုန် ကိုပါ အမေရိကပြိုင်ပွဲကို ၁၉၁၆ တွင် စတင်ပြုလုပ်ခဲ့ပြီး ယခုဆိုလျှင် ၉၉ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ကိုပါအမေရိက ၂ဝ၁၅ ဗိုလ်လုပွဲကို အိမ်ရှင်ချီလီ အသင်းနှင့် ဗုဒ္ဓဟူးနေ့နံနက်တွင် ယှဉ်ပြိုင်ကစားမည့် အာဂျင်တီးနား နှင့် ပါရာဂွေးအသင်းမှ အနိုင်ရရှိသည့် အသင်းတို့ ဇူလိုင် ၅ ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
သီဟ-ရေးသည်

No comments:

Post a Comment