Thursday, July 2, 2015

ချင်ခြင်းတပ်မိပါသည်






သတင်းဆောင်းပါး - ခင်မောင်ထွေး၊ ဓာတ်ပုံ - ဇော်မင်းလတ်
ဝေဒေဟီမိဖုရားကြီး ပဋိသန္ဓေနေစဉ်က ဗိမ္မိသာရဘုရင်ကြီး၏ လက်ယာလက်မောင်း သွေးကိုသောက်လိုသည့် ချင်ခြင်းတပ်မှု ဖြစ်ပေါ်ခဲ့၏။ မည်သူ့ကိုမျှမပြောရဲဘဲ အောင့် အည်းနေခဲ့သော်လည်း ရင်တွင်းချင်ခြင်းက လျော့မသွားခဲ့ပေ။ ကြာသော် မိဖုရားကြီး၏ အသွေးအသားတို့ ခန်းခြောက်လာကာ အလှ ကျက်သရေယိုယွင်းလာခဲ့၏။
ဘုရင်ကြီးသိလေသောအခါ သမားတော် များကိုခေါ်ကာ ရွှေဓားဖြင့်လက်မောင်းကို အဖောက်ခိုင်း၊ ကျလာသောသွေးများကို ရွှေခွက်ဖြင့်ခံယူပြီး ရေနှင့်ဖျော်တိုက်ပါမှ မိဖုရားကြီး၏ ချင်ခြင်းပျောက်ကင်းခဲ့သည်။
ထိုအချက်ကိုထောက်ရှု၍ နိမိတ်ဖတ် ပညာရှင်များက ဤသားသန္ဓေသည် ဘုရင်ကြီး ၏ ရန်သူဖြစ်လတ္တံ့ဟု ဟောကိန်းထုတ်ခဲ့မှု၊ မိဖုရားကြီးက သားသန္ဓေကို ပျက်စီးအောင် နှိပ်နယ်ခဲ့မှု၊ ဘုရင်ကြီးသိသွား၍ မဖျက်ဆီးနိုင်ရန် အစောင့်များချထားမှုတို့နှင့်အတူ နောက်ပိုင်း တွင် သားတော်အဇာတသတ်မင်းသားက သောတာပန်အရိယာ ဖခင်ဘုရင်ကြီးကို လုပ်ကြံ၍ ထီးနန်းလုခဲ့မှုများအပါအဝင် မြတ်ဗုဒ္ဓလက်ထက်တော်က လွမ်းစရာ့ ဤဖြစ်ရပ်ကို မောင်ချစ်ဖေ ငယ်စဉ်ကတည်းက ဖတ်ရှုခဲ့သည်။
သို့တစေ ချင်ခြင်းတပ်သည်ဟူသည့် အဓိပ္ပာယ်ကိုမူ သိပ်နားမလည်ခဲ့။ အရွယ် ရောက်မှသာ နားလည်သဘောပေါက်ခဲ့ရ၏။ အချို့ ကိုယ်ဝန်ဆောင်များဆိုပါက ချင်ခြင်း တပ်ပြီဆိုလျှင် မီးသွေးခဲကိုပင် ဝါးစားကြ ကြောင်း ရှေးလူကြီးတို့ဆိုကြ၏။
ယခုတစ်လော မောင်ချစ်ဖေလည်း ဘယ်လိုကဘယ်လိုဖြစ်သည်မသိ၊ ချင်ခြင်းတပ်မှု များစွာဖြစ်နေသည်။ ကနဦးချင်ခြင်းက မချစ်စု သရက်သီးကိုချင်ခြင်းတပ်မိ၏။ ယခင် အိမ် ဟောင်းတွင်နေခဲ့စဉ်ကဆိုလျှင် သရက်ပင် များစွာရှိ၍ အလွယ်တကူပြေပျောက်နိုင်သည်။ ယခုမူ ကန်ထရိုက်အိမ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီ ဖြစ်၍ ရှေ့ကွန်ကရစ်လမ်း၊ နောက် မီးဖို ချောင်သာရှိသောကြောင့် ရပ်ကွက်ဈေးသို့သာ ပြေးရ၏။
သို့ဖြင့် လစာထုတ်ရက်တစ်ရက်တွင် အိမ်ရှင်မကို ညာလက်က တစ်ဖက်ဆွဲ၊ ဈေးခြင်း တောင်းကို ဘယ်လက်ကတစ်ဖက်ချိတ်ပြီး ရပ်ကွက်ဈေးသို့ ရင်ကော့ခေါင်းမော့ ချီတက်ဖြစ် သည်။
''မချစ်စု တစ်လုံး ဘယ်လောက်လဲ''
''ဒီဘက်က တစ်လုံး ငါးရာ၊ ဒီဘက်က တစ်လုံး ခုနစ်ရာ''
''ဟိုက်'' ကိုယ့်မြေကိုယ့်ရေက ထွက်သည့် မြန်မာသရက်သီးတွေ ဒီလောက် ဈေးကောင်းနေသည်ကို မောင်ချစ်ဖေ မသိ။
သို့ဆိုလျင် ကျန်သည့်အရာကိစ္စများတွင်သာ မိုက်ရူးရဲတစွတ်ထိုးလုပ်တတ်သူ မောင်ချစ်ဖေကို ဝယ်မယ်ထင်လား၊ ထိုမျှလောက်တော့ မမိုက်မဲပါ။ ချင်ခြင်းတပ်၍ အသွေးအသားတွေပဲ ခန်းခြောက်ခြောက် တပ်ပြန်ခေါက်လိုက်သည်။
ထိုမှ သားငါးတန်းသို့ ခရီးဆက်ရင်း ငယ်စဉ်က အင်မတန်နှစ်သက်ခဲ့သည့် ငါးကျည်း၊ ငါးသလောက်နှင့် ငါးပုဏ္ဏားတို့ကို မြင်၍ ရုတ်ချည်းချင်ခြင်းတတ်လာပြန်သည်။ ငါးတန်းရှေ့မှမထွက်ဘဲ ခြေစုံရပ်၍ အိမ်ရှင်မကို ဆန္ဒပြုလိုက်သည်။ အိမ်ရှင်မကတော့ မောင်ချစ်ဖေကို သည်တစ်ခါဖြင့် သနားကရုဏာကြီးစွာဖြင့် ဝယ်ချင်ဟန်ပြ၍ ဈေးမေး ပြန်ပါသည်။
''ငါးပုဏ္ဏားက အကြီးကိုထောင့်ငါးရာ၊ အသေးက ထောင့်နှစ်ရာ''
''ငါးကျည်းက ဒီဖက်က တစ်ဆယ်သား တစ်ထောင် ၊ ဟိုဖက်က ထောင့်နှစ်ရာ''၊
''ငါးသလောက်က ဒီဖက်က တစ်ဆယ်သား ထောင့်နှစ်ရာ၊ ဟိုဖက်က ထောင့်ငါးရာ''၊
မောင်ချစ်ဖေ ပေသီးခေါက်လိုက်သည်။ မိသားစုနည်းသော်လည်း အနည်းဆုံး သုံးဆယ်သားဆိုလျင် ငါးတစ်မျိုးကို သုံးထောင်ကျော် လေးထောင်နီးပါး။ သို့ဖြင့် ဒီတစ်ခါလည်း နှလုံးအေးဖြင့် အရှုံးပေးလိုက်ရပြန်သည်။ ဒီ ငါးတွေကိုစားချင်သည့် ချင်ခြင်းကြောင့် ဖြစ်ချင်တာဖြစ် ဝေးရာသို့အမြန်လစ်တော့မည်။
အစားအသောက်ချင်ခြင်းတပ်မှုကို သည်းခံနိုင်ပါသော်လည်း မောင်ချစ်ဖေ၏ အသွေးအသားထဲတွင် ကာလအတန်ကြာကိန်းအောင်းခဲ့သည့် ကြီးစွာသော ချင်ခြင်း နှစ်ရပ်ကမူ မပြေပျောက်နိုင်သေးပါ။ မည်သူ့ကိုမျှ မပြောရဲဘဲ အောင့်အည်းသည်းခံ နေခဲ့သမျှ ရက်လကြာလေ ပြင်းထန်လေဖြစ်နေခဲ့၍ အသွေးအသား တို့ပင်ခန်းခြောက်ချင် သလိုဖြစ်လာ၏။
ပထမချင်ခြင်းတပ်မှုက ဘဝနှင့်ချီ၏။ မောင်ချစ်ဖေသည် ရုံးဝန်ထမ်းဖြစ်၍ နေ့စဉ် ရုံးတက် ရုံးဆင်း ဘတ်စ်ကားစီးရ၏။ ထိုသောအခါ ဘတ်စ်ကားအများစုမှာ ယာဉ်လိုင်စင် ဝင်စဉ်ကကဲ့သို့မဟုတ်။ မတ်တပ်ရပ်စီးပြန်သော်လည်း မသက်သာ ငါးပိငါးချဉ်သိပ်္လုက္ခ ဖြစ်ရ၏။ ထိုင်ခုံရပြန်တော့လည်း မူလနှစ်ယောက်ထိုင်ခုံက သုံးယောက်တန်း ဖြစ်လိုဖြစ်၊ ဘေးတန်းများဖြစ်လိုဖြစ်နှင့် တင်ပါးတစ်ခြမ်းတည်းဖြင့် တောင့်ခံနေရ၏။ တစ်နေ့က နောက်ဆုံးခုံတန်းရှည်တွင် နေရာလွတ်တစ်ခုလစ်လပ်၍ ထိုင်ခုံမက်သူပီပီ အပြေးထိုင် လိုက်၏။ မိုးသည်းထန်ချိန်မှာပင် ကားအင်ဂျင်အပူကြောင့် လူစင်စစ်က ကြက်ကင်ဖြစ် မတတ် ခံစားခဲ့ရ၏။
သို့ဖြင့် ဘတ်စ်ကားအစီးတစ်ရာလျင် အုံနာတစ်ရာ၊ ယာဉ်မောင်းနှင့် စပယ်ရာ နှစ်ရာနှင့် သုံးရာခန့်တို့ဖြင့် ကိုယ်ရကိုယ်ယူ၊ တစ်တောတစ်ကြက်ဖ သူတလူငါတစ်မင်း အုပ်ချုပ်မှုကင်းမဲ့သောစနစ်မှသည် စနစ်တကျ စီမံကွပ်ကဲနိုင်ပြီး နိုင်ငံခြားရုပ်ရှင်ဗ္လွီယို ထဲကကဲ့သို့ မိနစ်အလိုက် အချိန်တိတိကျကျဆိုက်ရောက်သော၊ သက်သောင့်သက်သာနှင့် အန္တရာယ်ကင်းဘေးရှင်းသော ဘတ်စ်ကားများကို ချောင်ချောင်ချိချိ စီးလိုသည့် ပထမချင်ခြင်းတပ်မှုပင်ဖြစ်သည်။
ဒုတိယချင်ခြင်းတပ်မှုကလည်း ဘဝနှင့်ချီ၏။
စွဲလမ်းတပ်မက်မှုတည်းဟူသော သမ္လုယကြောင့် ဒုက္ခဖြစ်ရသည်ကို မောင်ချစ်ဖေ သညာအသိဖြင့်သိပါသည်။ သို့တစေ ပုထုဇဉ်ပီပီ ချင်ခြင်းတွေ၊ ချင်ခြင်းတွေက ကုန်နိုင် ဘွယ်ရာမရှိဖြစ်နေဆဲ။
မောင်ချစ်ဖေသည် စာရူး ပေရူးပီပီ စာမဖတ်ဘဲ မနေနိုင်၊ ထိုသောအခါ မောင်ချစ်ဖေ၏ ဘဝတက်လမ်းကို သွေးလွန်တုပ်ကွေးခြင်၊ ငှက်ဖျားခြင်၊ ဆင်ခြေထောက် ရောဂါအပါအဝင်ခြင်မျိုး ခြင်နွယ် ခြင်ထုအပေါင်းက နိစ္စဓူဝနှောင့်ယှက်ကြ၏။
အမေရိကန်ပြည်ထောင်စုမှ ဂန္ထဝင် သမ္မတကြီးလင်ကွန်းသည် ငယ်စဉ်က စာအုပ် တစ်အုပ် ဖတ်ရှုနိုင်ဖို့အရေး ခရီးမိုင်နှင့်ချီ၍ သွားငှားခဲ့ရကြောင်း မောင်ချစ်ဖေ ဖတ်ရှု လေ့လာခဲ့ဖူးသော်လည်း အနှီခြင်များ၏ နှောင့်ယှက်မှုဒုက္ခကိုမူ နိစ္စဓူဝမခံနိုင်ပါ။ အားလပ်ရက်နေ့ခင်းစာဖတ်ချိန်တွင် ခြင်ဆေးခွေထွန်း၍ တစ်မျိုး၊ ညစဉ် ခြင်ထောင်ထဲ စောစီးစွာဝင်၍တစ်ဖုံ ခြင်အန္တရာယ်ကို ကိုယ်နည်းကိုယ့်ဟန်ဖြင့် ကာကွယ်နေရပါသည်။
သို့ဖြင့်ငယ်စဉ်က ကျောပိုးအိတ်ကြီးများ ကိုယ်စီလွယ်ကာ ရပ်ကွက်ကြို ရပ်ကွက် ကြား၊ မြောင်းကြိုမြောင်းကြားအနှံ့ ခြင်ဆေးလိုက်ဖြန်းပေးခဲ့ကြသည့် ဝန်ထမ်း ဦးကြီးများကို ပြန်လည်မြင်တွေ့လိုသည့် ဒုတိယချင်ခြင်းတပ်မှုပင်ဖြစ်သည်။
လူကိုကာလက စား၊ ကာလကို ကာလကပြန်စားရင်းအချိန်ကာလ၏ အရွေ့များ ကြာမြင့်မှုနှင့်အတူ မောင်ချစ်ဖေ၏ အနှီချင်ခြင်းတပ်မှုများကား ပို၍ပို၍ အစိုင်အခဲ တစ်ရပ်အသွင်ဖြစ်တည်လာပါတော့သည်။

No comments:

Post a Comment