Friday, July 3, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
မြန်မာအမျိုးသမီးများ တန်းတူအခွင့်အရေး

ကုသလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင်ပါဝင်သည့် အချက်ကြီး ငါးချက်အနက် အမှတ်စဉ်(၂)၌ ''လူတိုင်း ကျား/မ  မဟူ နိုင်ငံ ကြီး/ငယ်မရွေး အခြေခံလူ့အခွင့်အရေးများနှင့်  တန်းတူရည်တူ အခွင့်အရေးရရှိရေးကို  ဂရုပြုရန်''ဟူသော  အချက်သည် လည်း ကောင်း၊ ထောင်စုနှစ်ဖွံ့ဖြိုးမှုရည်မှန်းချက်(၈)ရပ်အနက် တတိယ အချက်၌ ''ကျား/မ တန်းတူရည်တူရှိရေး''ဟူသောအချက်သည် လည်းကောင်း နိုင်ငံတိုင်း၌  အမျိုးသမီးများ၏ အခွင့်အရေးကို အပြည့်အဝရရှိရန် တိုက်တွန်းထားသည်ကို အထင်အရှား တွေ့နိုင် မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် များပြားပြီး ရာခိုင်နှုန်းအားဖြင့် ၅၁ ရာခိုင်နှုန်းရှိကြောင်း သိရပါ သည်။ ဤသို့ အမျိုးသမီးဦးရေများပြားသည့် နိုင်ငံဖြစ်သည့် အလျောက် အမျိုးသမီးများ တန်းတူရည်တူအခွင့်အရေးကို သတိ ပြုကြမိစေရန်  နှစ်စဉ်နှစ်တိုင်း ဇူလိုင် ၃ ရက်ကို  မြန်မာ အမျိုးသမီးများနေ့ဟူ၍ တစ်သီးတခြားသတ်မှတ်၍ အခမ်းအနား များ ကျင်းပလေ့ရှိပါသည်။
ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်  နေပြည်တော်တွင်  ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ ဖိုရမ်ဖွင့်ပွဲ၌ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းများကို ပြုပြင်ပြောင်းလဲ ရေးလမ်းကြောင်းပေါ်တွင် ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊  ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံ၍  အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို တည်ဆောက်နေရသော နိုင်ငံတစ်နိုင်ငံ တွင် အမျိုးသားများနှင့် အမျိုးသမီးများ တန်းတူရှိရေးသည်လည်း အခြေခံကျသည့်ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ အမျိုးသမီးများ နိုင်ငံရေး တွင် တန်းတူညီမျှပါဝင်နိုင်ရေးအပြင် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများ၌ တန်းတူညီမျှရရှိရေးကို လည်း ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ်  ဇူလိုင် ၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းနေ့ကို မြန်မာအမျိုး သမီးများနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြောင်း  သိရပါသည်။ ထို့နောက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်အဖြစ် ပြင်ဆင်ဖွဲ့စည်းကာ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂသဘောတူ စာချုပ် စီဒေါ(Convention  on Elimination  of  all  Froms  of  Discrimination  Against Women-CEDAW)  ကို ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါ သည်။
ထို့အပြင် ကုလသမဂ္ဂ ထောင်စုနှစ်ရည်မှန်းချက် ဘေဂျင်း လုပ်ငန်းစီမံချက်များ (Beijing Plat Form for Action-BPFA) နှင့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစဉ်  မူဝါဒများကို အကောင်အထည်ဖော်ရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသည် ကို တွေ့မြင်ကြားသိနေရပါသည်။ ထို့အပြင် မြန်မာအမျိုးသမီး ရေးရာအဖွဲ့ချုပ်သည် အာဆီယံအမျိုးသမီးရေးရာကော်မတီ (Asean Committee on Women-ACW)  အဖွဲ့ဝင်ဖြစ်သည်နှင့်အညီ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစဉ် ၂ဝ၁၃-၂ဝ၂၂ ကိုလည်း လက်တွေ့ကျကျ ဆောင်ရွက်နေကြောင်း သိရပါသည်။
ယခုအခါ မြန်မာနိုင်ငံအတွင်း မြန်မာအမျိုးသမီးရေးရာအဖွဲ့ ချုပ်အပြင် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးအဖွဲ့ အစရှိသဖြင့် အမျိုးသမီးထုကို ကိုယ်စားပြုသည့်အဖွဲ့အစည်းများ ထူထောင်ဖွဲ့စည်း၍ အမျိုးသမီးများအကျိုးစီးပွားကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ဤအဖွဲ့အစည်းများက အမျိုးသမီးများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး၊ အမျိုးသားများနည်းတူ တန်းတူအခွင့်အရေး ရရှိရေးတို့ ဆောင်ရွက်ပေးလျက်ရှိပါသည်။  သို့ပါ၍ မြန်မာအမျိုး သမီးများအား မည်သည့်နယ်ပယ်တွင်မဆို တန်းတူအခွင့်အရေး ပေးရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။  ။

No comments:

Post a Comment