မန်ယူအသင်းဂိုးသမား ဒီဂီယာသည် မန်ယူအသင်းတွင် ဆက်ရှိရန် မသေချာတော့သည့်အတွက် မန်ယူ အသင်းအနေဖြင့် အာဂျင်တီးနားဂိုးသမား ဆာဂျီယိုရိုမီရိုအား စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။
အာဂျင်တီးနားဂိုးသမား ရိုမီရိုသည် ဆမ်ဒိုးရီးယား အသင်းမှ ထွက်ခွာခဲ့ပြီးနောက် မန်ယူအသင်းသို့ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ မန်ယူအသင်းအနေဖြင့် အဆိုပါအာဂျင်တီးနားဂိုးသမား ရိုမီရိုအား ခေါ်ယူခဲ့ခြင်းမှာ ဂိုးသမားဒီဂီယာအပြင် ဂိုးသမားဗစ်တာဗဲလ်ဒက်သည်လည်း နည်းပြဗန်ဟားလ်၏ ပွဲထွက်ကစားစေမှု အခြေအနေအရ မန်ယူအသင်းမှ ထွက်ခွာဖွယ်ရှိနေခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
ဂိုးသမား ရိုမီရိုသည် မန်ယူအသင်းနှင့် သုံးနှစ်သက် တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂ဝ၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း အာဂျင်တီးနားအသင်းနှင့်အတူ ပွဲထွက်ကစားခွင့်ရရှိခဲ့သည့် ဂိုးသမားတစ်ဦးလည်းဖြစ်သည်။
မန်ယူဂိုးသမား ဒီဂီယာသည် ရီးယဲလ်မက်ဒရစ် အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည့်အပြင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းသည်လည်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေခြင်းကြောင့် မန်ယူအသင်းမှ ဂိုးသမားဒီဂီယာ ထွက်ခွာသွားပါက ကြုံတွေ့ရမည့် မန်ယူအသင်း၏ စိန်ခေါ်မှုတစ်ခုအတွက် ကြိုတင်ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောကြားကာ အာဂျင်တီးနားဂိုးသမားရိုမီရိုအား ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း မန်ယူအသင်းနည်းပြ ဗန်ဟားလ်က ပြောကြားခဲ့သည်။
ထို့ပြင် ယခုကဲ့သို့ အာဂျင်တီးနားဂိုးသမား ရိုမီရိုအား ခေါ်ယူခဲ့သော်လည်း ဂိုးသမားဒီဂီယာအနေဖြင့် မန်ယူအသင်း၌ ဆက်ကစားမည်ဆိုပါက မန်ယူအသင်း၏ ပထမဦးစားပေးဂိုးသမားအဖြစ် ဒီဂီယာကို ပွဲထွက်ကစား စေမည်ဖြစ်ကြောင်းလည်း ဗန်ဟားလ်က ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ ကာလတွင် ဗဟိုနောက်ခံလူ ဒါမိန်၊ ကွင်းလယ်ကစား သမားများဖြစ်ကြသည့် ရှဝိန်းစတိုင်ဂါနှင့် ရှနိုက်ဒါလင်၊ တိုက်စစ်မှူး ဒီပေးတို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်သောကြောင့် အာဂျင်တီးနားဂိုးသမား ရိုမီရိုသည် မန်ယူအသင်း၏ ငါးဦးမြောက်စာချုပ်ချုပ်ဆိုခေါ်ယူခဲ့သည့်ကစားသမားလည်း ဖြစ်လာခဲ့သည်။ (ငွေကြယ်)
No comments:
Post a Comment