Thursday, July 30, 2015

မဲပေးခြင်းဆိုင်ရာ အသိပညာများနှင့်လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာကျော်မင်းသမီး မစ္စအင်ဂျလီနာ ဂျိုလီပစ်ရောက်ရှိ



Myanmaalinn's photo.

နေပြည်တော် ဇူလိုင် ၂၉

''မြန်မာနိုင်ငံကို ရောက်ရှိပြီး လူတွေအများကြီးနဲ့ တွေ့ဆုံခွင့်ရမှာမို့ ပျော်ရွှင်မိပါတယ်။ UNHCR နဲ့ ပူးပေါင်းပြီး အကူအညီပေးမှုတွေ လည်း လုပ်ဆောင်သွားဖို့ရှိတယ်။ ပထမဆုံးအကြိမ် ရောက်ရှိတာမို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘာမှ မပြောလိုသေးပါဘူး။ မနက်ဖြန်က စပြီး နေရာအချို့ကို သွားရောက်မယ်။ နိုင်ငံသားတွေနဲ့ ဆက်လက်တွေ့ဆုံ သွားဖို့ရှိတယ်''ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး၏ အထူးကိုယ်စားလှယ် မစ္စ အင်ဂျလီနာ ဂျိုလီပစ်က ဖြေကြား သည်။
ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် နှင့် လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးဖြစ်သူ၊ ကုလသမဂ္ဂ အထူး သံတမန် မစ္စ အင်ဂျလီနာ ဂျိုလီပစ် သည် ယနေ့ နံနက်တွင် ကမ္ဘော ဒီးယားနိုင်ငံ ဖနောင်ပင်မြို့မှ နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံတော်သမ္မတအပါအဝင် တာဝန် ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ပဋိပက္ခများ ဖြစ် ပေါ်ခြင်းမှတစ်ဆင့် ပေါ်ပေါက် လာသည့် စိန်ခေါ်မှုများနှင့် မြန်မာနိုင်ငံအတွင်းရှိ အနာဂတ် အရေးကိစ္စများအတွက် လေ့လာမှု များနှင့် ပြည်သူများအားတွေ့ဆုံမှုများ ပြုလုပ်နိုင်ရန်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
''ကျွန်မက အမျိုးသမီးအဖွဲ့ အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ရွှေ့ပြောင်းနေကြရတဲ့ လူငယ်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ အဓိကလာရောက် ရခြင်းဖြစ်ပါတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ သူတို့နဲ့ဆက်စပ်ပြီး ပိုမိုကောင်းမွန်တဲ့ မျှော်လင့်ချက်တွေ အတွက် သူတို့တစ်တွေကို တွေ့ဆုံပြီး လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးချင် တယ်။ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေနဲ့ အားလုံးသော အဆင်မပြေသူတွေ အတွက် ဒီမိုကရေစီဖော်ဆောင်နိုင် အောင် လေ့ကျင့်ပေးနိုင်ဖို့နဲ့ အေးချမ်း တဲ့ အနာဂတ်အတွက် အခြေခံကျတာ တွေကိုနားလည်အောင် အကူအညီ တွေ ပေးအပ်သွားဖို့ရှိပါတယ်''ဟု မစ္စ အင်ဂျလီနာ ဂျိုလီပစ်က ပြောကြား သည်။
ဂျိုလီ၏ မြန်မာနိုင်ငံခရီးစဉ်အဖြစ် ဇူလိုင် ၃ဝ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်မည်ဖြစ်ပြီး ဇူလိုင် ၃၁ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ သို့ သွားရောက်မည့်အပြင် မြစ်ကြီးနား မြို့ရှိ ပဋိပက္ခများအတွင်း လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုများအား အကာ အကွယ်ပေးမှုဆိုင်ရာ လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။
ထို့နောက် ဇူလိုင် ၃၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်ကာ သြဂုတ် ၁ ရက်တွင် ရွှေတိဂုံ စေတီတော်သို့ သွားရောက်ဖူးမြော် ခြင်းနှင့် ညနေပိုင်းတွင် ဗြိတိန် သံအမတ်ကြီး၏ နေအိမ်သို့ သွား ရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
မစ္စ အင်ဂျလီနာ ဂျိုလီပစ်သည် ဟောလီးဝုဒ်မှ ကမ္ဘာကျော် ရုပ်ရှင် မင်းသမီးတစ်ဦးဖြစ်ပြီး ၂ဝဝဝပြည့် နှစ်တွင် ပြည်တွင်းစစ်ဒဏ်ခံစားခဲ့ ရသော ကမ္ဘောဒီးယားနိုင်ငံသို့ Lara Croft: Tomb Raider ဇာတ်ကား ရိုက်ကူးရန်အတွက် ရောက်ရှိခဲ့ချိန် မှစတင်ကာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ကိစ္စရပ်များကို စိတ်ဝင် စားလာခဲ့ခြင်းဖြစ်သည်။
ထိုအချိန်မှစတင်ကာ နိုင်ငံ အသီးသီးရှိ ‘ဒုက္ခသည်စခန်းများသို့ လှည့်လည်သွားရောက်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးမှ ‘ဒုက္ခသည် များဆိုင်ရာ ချစ်ကြည်ရေး သံအမတ် အဖြစ် ခန့်အပ်ခံရသည်။ ၂ဝ၁၂ခုနှစ် တွင် မဟာမင်းကြီး အန်တိုနီယို ဂုတားရက်စ်က ဂျိုလီပစ်အား သူ၏ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။
ဂျိုလီပစ်သည် စွန့်ပစ်ခံ ကလေးငယ် သုံးဦးအား သားသမီး အရင်းများနှင့်မခြား ပြုစုစောင့်ရှောက် ထားလျက်ရှိပြီး ပထမဆုံး မွေးစား ကလေး မက်ဒေါ့စ်မှာ ကမ္ဘောဒီးယား နိုင်ငံ ဖနောင်ပင်မြို့ရှိ မိဘမဲ့ ဂေဟာတစ်ခုမှဖြစ်သည်။ အခြား ကမ္ဘောဒီးယားတစ်ဦးနှင့် အာဖရိက တိုက် အီသီယိုးပီးယားနိုင်ငံမှ ကလေးငယ်တစ်ဦးကိုလည်း မွေးစား ခဲ့သူဖြစ်သည်။
ကုလသမဂ္ဂ ‘ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှထုတ်ပြန် သည့် အချက်အလက်များအရ ကမ္ဘာ ပေါ်တွင် စစ်ပွဲများနှင့် ပဋိပက္ခများ ကြောင့် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရသော ‘ဒုက္ခသည်အရေ အတွက်မှာ သန်း ၅ဝကျော်ရှိပြီး ဇွန် ၂ဝ ရက်ကို ကမ္ဘာ့ဒုက္ခသည်များနေ့ အဖြစ် သတ်မှတ်ကာ ကမ္ဘာတစ်ဝန်း တွင် အားပေးကူညီမှုများကို ဆောင် ရွက်ပေးနေကြောင်း သိရသည်။
''ဂျိုလီက သူ့အတွက် လုံခြုံရေး အစီအစဉ်တွေကိုတောင် မနည်းယူ ပေးနေရတာပါ။ သူ့ရဲ့သဘောက လွတ်လွတ်လပ်လပ်နဲ့ မြန်မာ ပြည်သူတွေကို တွေ့ဆုံလိုတာဖြစ်ပါ တယ်။ သူတွေ့မြင်ခဲ့ရသမျှကို UNHCR ကို တင်ပြအစီရင်ခံမှာ ဖြစ်သလို သူတတ်စွမ်းသမျှနဲ့လည်း စိတ်ဓာတ်ရေးရာအရ အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ခရီးစဉ် အသေးစိတ်ကိုတော့ တာဝန်ယူ ဖိတ်ကြားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးနဲ့ UNHCR တို့က စီစဉ်ပေးမှာဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင် အစီအစဉ်နဲ့ လေ့လာရေးတွေလည်း ပါဝင်ပါတယ်''ဟု ဗြိတိန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
''ကျွန်မတို့က ဂျိုလီသွားမယ့် ခရီးစဉ်မှာကြိုစောင့်နေမှာပါ။ သူနဲ့ စခန်းကလူတွေ တွေ့ဆုံနိုင်အောင် စီစဉ်ပေးဖို့ ရှိပါတယ်။ သက်ဆိုင်ရာ ဒေသခံတွေကလည်း ဂျိုလီလာရောက် မယ်ဆိုတာကြောင့် ပျော်ရွှင်နေကြပါ တယ်။ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး လည်းဖြစ်ပြီး လူသားဆန်လှတဲ့ သူ့ကို အားလုံးက မျှော်လင့်နေကြပါတယ်။ အားနည်းသူတွေအတွက် ဂျိုလီရဲ့ အားပေးမှုက အကျိုးကျေးဇူးများစွာရရှိစေမှာဖြစ်ပါတယ်''ဟုUNHCR မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဖုန်းဖြင့်ဖြေကြားသည်။
မစ္စ အင်ဂျလီနာ ဂျိုလီပစ်သည် ခရီးစဉ်ကာလအတွင်း ရွေးကောက်ပွဲ တွင် ပြည်သူအားလုံး တက်ကြွစွာ ပါဝင်ကြစေရန်၊ မဲပေးသူများအတွက် Voter Education များပေးအပ်ရန် နှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ များ၊ လူ့အခွင့်အရေးနှင့် ‘ဒုက္ခသည် များဆိုင်ရာ ကူညီမှုများပေးအပ်ရန် အတွက်ဖြစ်ကြောင်း ဗြိတိန်သံရုံးက သတင်းထုတ်ပြန်ထားသည်။
ဂျိုလီပစ်သည် ၂ဝဝ၉ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများ သို့လည်း သွားရောက်ကာ စိတ်ဓာတ် ရေးရာ အားပေးမှုများနှင့် သူ တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးမှု များကို ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။ မြန်မာနိုင်ငံသို့ ယခုအကြိမ်လာရောက် ခြင်းမှာ ၄င်း၏ တရားဝင် ပထမဆုံး အကြိမ် ဖြစ်သည်။

ခင်ရတနာ

No comments:

Post a Comment