Friday, July 31, 2015

ရာသီကြိုခြေစမ်းပွဲမှာ ပထမဆုံးရှုံးပွဲကြုံခဲ့ရတဲ့ မန်ယူ





The Mirror Daily's photo.
 



အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာ ဇူလိုင်၂၉ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ အိုင်စီစီဖလား ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းက မန်ယူနောက်တန်းလူတွေရဲ့အမှားတွေကြောင့်ရရှိခဲ့တဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့ မန်ယူအသင်းကို အလွယ်တကူအနိုင်ယူနိုင်ခဲ့ပါတယ်။

နည်းပြဗန်ဟားလ်အနေနဲ့ အသင်းကို ရှေ့၊နောက်၊အလယ် အတောင့်တင်းဆုံးလူအခင်းအကျင်းနဲ့ပွဲထွက်လာ ခဲ့ပေမယ့်လည်း ယခုပွဲကိုအနိုင်ရဖို့ထက် ဒီမာရီယာရဲ့အပြောင်းအရွှေ့ကိစ္စရပ်အပေါ်သာ ပိုမိုစိတ်ရောက်နေတဲ့ပုံပေါ်ပြီး ယခုရာသီကြိုခြေစမ်းပွဲတွေမှာ မန်ယူအနေနဲ့ပထမဆုံးအကြိမ်ရှုံးနိမ့်မှု ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ မန်ယူက ၄-၂-၃-၁ ကစားကွက်ကိုသုံးပြီး တိုက်စစ်မှာ ဝိန်းရွန်းနီတစ်ယောက်တည်းကိုသာ ဦးဆောင်ကစားစေခဲ့တာ တွေ့ရပါတယ်။

ပီအက်စ်ဂျီကတော့ ၄-၃-၃ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ အီဘရာဟီမိုဗစ်ခ်ျ၊အော်ဂူစတင်နဲ့လူးကပ်စ်တို့သုံးဦးတင်ပြီး တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ အကွက်မိမိ ထိုးဖောက်ကစားလာမှုတွေကို မန်ယူနောက်တန်း ကစားသမားတွေဖြစ်တဲ့ လုရှော၊ ဒါလေဘလိုင်း၊ ဖီးလ်ဂျုံးစ်နဲ့ ဒါမီယန်တို့ ပေါ့လျော့ခဲ့လို့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်အောက်ကို မန်ယူကျရောက်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့် ပွဲကစားချိန်၂၅မိနစ်နဲ့ ၃၄မိနစ်တို့မှာ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား မာတူဒီနဲ့ တိုက်စစ်မှူးမိုဗစ်ခ်ျတို့ရဲ့ သွင်းဂိုးတွေကို မန်ယူအသင်း အလွယ်တကူပဲခွင့်ပြုလိုက် ရပါတယ်။ ဒုတိယပိုင်းမှာ ပီအက်စ်ဂျီအသင်းက လူစားဝင်ကစားသမားအများအပြားကို ထည့်သွင်းကာ အနိုင်ရလဒ်ကို ထိန်းသွားခဲ့တာကြောင့် မန်ယူအနေနဲ့ ချေပဂိုးတစ်ဂိုးတောင်သွင်းယူနိုင်ခြင်းမရှိဘဲ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီကို အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

နည်းပြဗန်ဟားလ်အနေနဲ့ ဒုတိယပိုင်းမှာ ဂိုးသမားဒီဂီယာနေရာကို စတုတ္ထဂိုးသမား ဆမ်ဂျွန်စတုန်းနဲ့ လူစားလဲခဲ့တာကြောင့် ဒီစပိန်ဂိုးသမားအနေနဲ့ ရီးယဲလ်ကို အမှန်တကယ်ပြောင်းရွှေ့တော့မှာလားဆိုတဲ့ပဟေဠိတွေ ပိုမိုထွက်ပေါ် လာခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်းမှာကွင်းလယ်အဖျက်နေရာက ကစားခဲ့တဲ့ရှဝိန်းစတိုင်ဂါဟာ မန်ယူကစားကွက်နဲ့ အသားမကျသေးတာကို အခုပွဲမှာ ထင်ထင်ရှားရှားမြင်တွေ့ခဲ့ကြရပါတယ်။

ဒါပေမယ့်ဒီရာသီကြိုခြေစမ်းပွဲတွေထဲက မန်ယူအတွက် စိတ်သက်သာရာရစရာ ကောင်းတာကတော့တိုက်စစ်မှူး ဝိန်းရွန်းနီအနေနဲ့ လက်ရှိခြေစွမ်းကို ဆက်ထိန်းနိုင်ရင် တစ်ရာသီအတွင်း သွင်းဂိုး၂၅ဂိုးအထက်သွင်းနိုင်ဖို့မျှော်မှန်း နိုင်မှာဖြစ်သလို၊ အသစ်ခေါ်ယူထားတဲ့ ဒီပေးရဲ့ အလွတ်တည်ကန်ဘောစွမ်းရည်ဟာ ပြိုင်ဘက်တွေအတွက် တကယ့်ကို တားဆီးရခက်မယ်ဆိုတာလည်း ကြိုတင်တွက်ဆလို့ရတဲ့ အမြတ်တွေဖြစ်ခဲ့ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment