Thursday, July 30, 2015

တောင်ကျရေများကြောင့် ပျက်စီးခဲ့ရသော နမ့်ပေါ့ချောင်းကူး မီးရထားတံတားနှင့် ကားလမ်းတံတားတို့ကို ပြုပြင်အသုံးပြုနိုင်တော့မည်




The Mirror Daily's photo.
သီပေါ ဇူလိုင် ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့တွင် ဇူလိုင် ၂၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ အရှိန်အဟုန် ပြင်းစွာ ကျဆင်းလာ၍ သီပေါ- နမ္မတူ-နမ့်ဆန်သွားလမ်းပေါ်ရှိ နမ့်ပေါ့ ကားလမ်းတံတားကြီး ကျိုးကျပျက်စီး ခဲ့ရပြီး မန္တလေး-လားရှိုးရထားလမ်း၏ နမ့်ပေါ့ချောင်းကူး ရထားသံလမ်း တံတားကြီး၏ အလယ်တိုင်အမှတ် (၃) မှာ ယိမ်းယိုင်သွားခဲ့ရသည်။

အဆိုပါကားလမ်းကူး နမ့်ပေါ့ချောင်း တံတားကြီးနှင့် ရထားသံလမ်းတံတားကြီးတို့မှာ လွန်ခဲ့သော ၁၉ဝဝ ခုနှစ်က ဆောက်လုပ်ခဲ့သည့် တံတားများဖြစ်ကြပြီး ယခုလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျရေများပြားခြင်းနှင့် ရေစီးကြောင်း ပြောင်းလဲစီးဆင်းခြင်းတို့ကြောင့် အောက်ခြေတိုင်များ ရေတိုက်စားကာ ယခုကဲ့သို့ ပျက်စီးပြိုကျခြင်းဖြစ်သည် ဟု သိရသည်။

မန္တလေး-လားရှိုး မီးရထားလိုင်းများ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေး၊ ရထားစီးခရီးသည်နှင့် ကုန်စည်ပို့ဆောင် နိုင်ရေးတို့အတွက် မန္တလေး-လားရှိုး လူစီးရထားနှင့် ကုန်ရထားများ အမြန်ဆုံး ခုတ်မောင်းသွားလာနိုင်ရန် ဆောင်ရွက်လျက်ရှိကြသည်။

ယခု မီးရထားတံတား ပြန်လည် ပြုပြင်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ဒုတိယအထွေထွေမန်နေဂျာ (မြို့ပြ- နေပြည်တော်) ဦးမောင်မောင်သန်းက ''မန္တလေး-လားရှိုးမီးရထားလမ်းပေါ် က ဒီနမ့်ပေါ့ချောင်းကူးတံတား ပြန်လည်ကောင်းမွန်ပြီး ရထားများ ပုံမှန်သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားက ကြိုးစားဆောင်ရွက်နေပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေ၊ ဇလီဖားတုံးတွေ ရောက်လာနေပါတယ်။ ကျောက်ရထားတွေလည်း ရောက်နေပါပြီ။ တစ်ပတ်အတွင်း ပြီးစီးအောင် ကြိုးစားလုပ်ကိုင်နေပါတယ်။ ဒါမှလည်း မန္တလေး-လားရှိုးသွားလာနေတဲ့ အများပြည်သူတွေ အဆင်ပြေကြမှာပါ။ ဒီရထားလမ်း တံတားရဲ့ သက်တမ်းကတော့ ၁၉ဝဝ ပြည့်နှစ် ပတ်ဝန်းကျင်ကဆိုတော့ နှစ် တစ်ရာကျော် သက်တမ်းရှိပါပြီ။ ဂုတ်ထိပ်တံတားကြီး တည်ဆောက်အပြီး လားရှိုးလမ်းအပိုင်းကို တောက်လျှောက်ခင်းလာခဲ့တာပါ။ အရင်ကတော့ ရေစီးရေလာကောင်း မွန်အောင်နဲ့ တံတားရဲ့အောက်ခြေ တိုင်တွေကို မထိခိုက်ရအောင် စနစ်တကျ လုပ်ခဲ့တာပါ။ ခုတော့ နေအိမ်တွေ၊ တဲတွေလည်း တိုးလာသလို ရေကြောင်းတွေကလည်း ပြောင်းလဲ စီးဆင်းကုန်တာမို့ တံတားရဲ့ အောက်ခြေတိုင်တွေကို ထိခိုက်စေ ကုန်တာပါ။ သီပေါဘက်ကနေ လာရင် တိုင်အမှတ် (၃)ရဲ့ အခြေ အနေက ဆိုးဆိုးရွားရွား ယိမ်းယိုင်ပျက်စီးနေတာမို့ အချိန်မီအစုန်အဆန် ရထားတွေကို ယာယီရပ်ဆိုင်းထားပြီး ခုလိုပြန်လည်ပြုပြင်နေတာ ဖြစ်ပါတယ်။ အချိန်မီ ကာကွယ်ပြုပြင်လိုက်နိုင်တာမို့ ရထားလမ်းပိုင်းမှာတော့ လူအသေအပျောက် အထိအခိုက် လုံးဝမရှိခဲ့ပါဘူး''ဟု ရှင်းလင်းပြောပြခဲ့သည်။

အလားတူပင် ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းက ကျိုးကျသွားခဲ့သော သီပေါ-နမ္မတူ-နမ့်ဆန်သွား ကားလမ်းပေါ်မှ ၁၇၇ ပေရှိ နမ့်ပေါ့ ချောင်းကူးတံတားကြီးနေရာ၌ အမြန်ဆုံးအသုံးပြုသွားလာနိုင်ရေးအတွက် ယာယီ သံပေါင်ဘေလီတံတားကို စက်ယန္တရားကြီးများ၊ လူအင်အား စက်အင်အားများဖြင့် ဇူလိုင် ၂၉ ရက် က အဆောတလျင် တပ်ဆင်ဆောက် လုပ်လျက်ရှိသည်။ အဆိုပါ နမ့်ပေါ့ ချောင်းကူးကားလမ်းတံတားကြီး ကျိုးကျခဲ့စဉ်က သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိကြသူများ၏ စာရင်းအမှန်ကို သီပေါမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးအောင်ခင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ''ကျွန်တော်တို့ ဒီနေ့အထိ တရားဝင်စာရင်းအရ သေဆုံးသူ ငါးဦးရှိပါတယ်။ အမျိုးသား လေးဦးနဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူ သုံးဦးရှိပါတယ်။ အနည်းအပါးဒဏ်ရာ ရရှိသူတွေ ကိုတော့ ဆေးကုသပေးပြီး သူတို့ ဆန္ဒအရ အိမ်ပြန်သွားကြပြီ ဖြစ်ပါတယ်''ဟု ရှင်းလင်းပြောပြခဲ့သည်။

ဒုဋ္ဌဝတီမြစ်က သီပေါမြို့၏ အရှေ့ဘက်နှင့် တောင်ဘက်တို့မှ စီးဆင်းဖြတ်သန်းနေပြီး ၎င်းဒုဋ္ဌဝတီမြစ်ရေလျှံ၍ အနိမ့်ပိုင်း ရပ်ကွက်များရှိ နေအိမ်များ ရေဝင်၊ ရေနစ်ခြင်းဖြစ်ပွားခဲ့ရသည်။ မြို့၏တောင်ဘက်ခြမ်းနှင့် မြောက်ဘက် ခြမ်းအလယ်မှ နမ့်ပေါ့ချောင်းက ဖြတ်သန်းစီးဆင်းလျက် ရှိသည်။ ၎င်းနမ့်ပေါ့ချောင်းမှာ သီးခြားတောင် ပေါ်မှ စီးဆင်းလာသော ရေချောင်း ဖြစ်သည်။ မြို့၏နှစ်ဖက်ဆက်သွယ်ရေးနှင့် နမ့်ဆန်၊ နမ္မတူမြို့များသို့ သွားလာနိုင်ရေးအတွက် နမ့်ပေါ့ ချောင်းကူးကားလမ်းတံတားကြီးကို တည်ဆောက်ထားရှိခြင်းဖြစ်သည်။ ဇူလိုင် ၂၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ ထိုးဆင်းကျလာ၍ ၎င်းနမ့်ပေါ့တံတား ကြီး ကျိုးကျခဲ့ပြီး လူသေဆုံး၊ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ ယာယီဘေလီတံတားထိုး တပ်ဆင်၍ အမြန်ဆုံးအသုံးပြုသွားလာနိုင်ရန် စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။
(သီပေါကိုလတ်)

No comments:

Post a Comment