Thursday, July 30, 2015

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုများ အားနည်းချက်များ ရှိနေ




The Mirror Daily's photo.
ရီရီမြင့် ၊ ဥမ္မာသန့်

ရန်ကုန် ဇူလိုင် ၂၉

ယနေ့ မြန်မာပြည်အနှံ့အပြား၌ ဖြစ်ပေါ်နေသော ရေကြီးမှုများ၊ လေပြင်းတိုက်ခတ်မှုများ စသည့် သဘာဝ ဘေးအန္တရာယ်များနှင့် ဘင်္ဂလားပင်လယ်အော်၌ လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းအခြေအနေနှင့်စပ်လျဉ်း၍ သိရှိ လိုသည်များကို မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်အား မြန်မာ့သတင်းစဉ်က သွားရောက်မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။

မေး။ ။ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းနဲ့ ပတ်သက်ပြီး အခြေအနေလေး သိပါရစေ။

ဖြေ။ ။ဒီမုန်တိုင်းက လောလောဆယ် ဘင်္ဂလားဒေ့ရှ်ကမ်းခြေမှာ ကုန်းတစ်ဝက်၊ ရေတစ်ဝက် အနေအထားရှိနေဆဲပဲ။ မုန်တိုင်းသတင်း ကြေညာတာ ဒီနေ့ဆိုရင် နှစ်ရက်နီးပါးရှိသွားပြီ။ ရွေ့လည်းမရွေ့ဘူး။ မရွေ့တာ တစ်ရက်ရှိနေပြီ။ အစပိုင်းက ကုန်းပေါ်မှာရှိတယ်။ ကုန်းပေါ်ကနေ ကမ်းဘက်ကို ဆင်းလာတယ်။ ကမ်းတစ်ဝက်၊ ရေတစ်ဝက်ရောက်တော့ မုန်တိုင်းဖြစ်သွားတယ်။ ဖြစ်သွားပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ် တောင်ဘက်ကမ်းပေါ်မှာ ကုန်းတစ်ဝက်၊ ရေတစ်ဝက်နဲ့ပဲရှိနေတယ်။ ရွေ့လျားမှုမရှိဘူး။ ပိုမိုအားကောင်းလာတာလည်း မရှိဘူး။ မုန်တိုင်းက မြန်မာပြည်အနေနဲ့ အနီးဆုံးရှိတာ မောင်တော၊ အဲဒီကနေ ခန့်မှန်းချက်အရ လက်ရှိနေရာကနေ ကုန်းပေါ်ကို ပြန်ရွေ့မယ်၊ မြောက်ဘက်ကို ပြန်ရွေ့မယ်။ အနောက်ဘက်ကိုစရွေ့မယ်။ ဇူလိုင်လကုန် ၃၁ ရက်ကစပြီး အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဘက်ကမ်းကိုဖြတ်ပြီး ကုန်းတွင်းပိုင်းကိုဝင်သွားမယ်လို့ ခန့်မှန်းထားတယ်။ ခန့်မှန်းထားတဲ့အတိုင်း မြန်မာပြည်အနေနဲ့ မုန်တိုင်းအန္တရာယ်ဝင်ဖို့၊ ဖြတ်ဖို့မရှိ ဘူး။ ဒါပေမယ့် ရှိတဲ့ပြဿနာက မုန်တိုင်းက ရခိုင်ပြည်နယ်မြောက် ပိုင်းနဲ့ သိပ်နီးနေတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းအပါအဝင် ဒေသအတော်များများမှာ မုန်တိုင်းရဲ့အရှိန်ကြောင့် မိုးကြီးတာတွေ၊ လေပြင်းတိုက်တာ တွေ၊ ပင်လယ်မှာ လှိုင်းကြီးတာတွေ ဖြစ်နိုင်တယ်။

မေး။ ။မုန်တိုင်းရဲ့အရှိန်ကြောင့် အကျိုးဆက် ဘာတွေဆက်ဖြစ်လာ နိုင်မလဲ။

ဖြေ။ ။မုန်တိုင်းရဲ့အရှိန်ကြောင့် မိုးပိုလာနိုင်တဲ့ အခြေအနေရှိတယ်။ လောလောဆယ် မိုးကလည်းကောင်းသလို ရေတွေကလည်း တော်တော်ကြီးနေတယ်။ ရေကြီးတဲ့ အခြေအနေကို နောက်ဆုံးဂြိုဟ်တုမှာ ကြည့်တဲ့အခါ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မွန် တစ်နိုင်ငံလုံးနီးပါးလောက်ပဲ။ မိုးများများရွာနိုင်တာကတော့ ချင်း၊ ရခိုင်၊ မကွေးတိုင်းဒေသကြီး အနောက်ပိုင်း၊ အသင့်တင့်ရွာနိုင် တာကတော့ မြစ်ဝကျွန်းပေါ်၊ ဧရာ ဝတီ၊ ပဲခူး၊ ရန်ကုန်၊ မွန် ပါမယ်။ အလယ်ပိုင်းဒေသလည်း မိုးများဖို့ ရှိတယ်။ အဲ့ဒါစစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနဲ့ မန္တလေးတိုင်းဒေသကြီး။

မေး။ ။လက်ရှိဖြစ်ပေါ်နေတဲ့ ရေကြီးမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး သိပါရစေ။

ဖြေ။ ။နောက်ပိုင်းမိုး ပိုလာပြီး ရေလိုက်လာရင် ရေပတ်လည်ဝိုင်းသွားမယ်။ မြန်မာပြည်အပေါ်ပိုင်း ကတော့ ရေကြီးတာက ဖြစ်လိုက်၊ ကျလိုက်နဲ့မြန်တယ်၊ ကြာမှာက မြစ်ဝကျွန်းပေါ်ဒေသတွေ။ မြစ်ဝကျွန်းပေါ် က သူ့ဟာသူလည်း မိုးကကောင်းနေတယ်။ ရေကလည်း သူ့နေရာနဲ့သူ ဖုံးနေတယ်။ မြန်မာပြည်အပေါ်ပိုင်းက မိုးကောင်းပြီးရေကြီးတဲ့အခါ ဒီရေတွေက ဧရာဝတီမြစ်ကနေ မြစ်ဝကျွန်းပေါ်တွေကို ရောက်လာမယ်။ အဲဒီအခါ ရေကြီးမှုကလက်ရှိအနေ အထားထက် ပိုဆိုးသွားနိုင်တယ်။ အဲဒီ စိုးရိမ်စရာတစ်ခုတော့ ရှိတယ်။ ဒီကြားထဲ အရှေ့ဘက် တောင်တရုတ် ပင်လယ်ဘက်က သဲပွင့်မုန်တိုင်း တစ်ခု ဗီယက်နမ်ကိုဖြတ်ပြီး ဒီဘက်ကို လာဖို့ကြုံမယ်။ ဘင်္ဂလားပင်လယ်အော်မှာလည်း မုတ်သုံက အားကောင်းနေမယ်။ အဲဒါတွေတိုက်တိုက် ဆိုင်ဆိုင်ဖြစ်ရင်တော့ ၂ဝ၁၄ ခုနှစ် ကဖြစ်သလို ရှိတဲ့စခန်းတွေအားလုံး၊ မြစ်ကြောင်းကမ်းခြေတွေအားလုံး စိုးရိမ်ရေအမှတ်ကို ကျော်သွားနိုင် တယ်။ အဲဒါမျိုးတွေ ဖြစ်နိုင်တဲ့အတွက် သတိထားဖို့တော့လိုတယ်။ ဒီနှစ်က ရေနှစ်လို့လည်း ပြောလို့ရတယ်။ ထူးထူးခြားခြား မိုးကလည်း တအားကောင်းနေတာကိုး။

မေး။ ။ဆရာ့အနေနဲ့ ပြည်သူတွေကို မိုးလေဝသနဲ့ ပတ်သက်ပြီး ဘယ်လိုအကြံပြု ပြောကြားချင်ပါသလဲ။

ဖြေ။ ။ပြည်သူတွေကို ပြောချင် တာကတော့ နံပါတ်(၁) အရေးကြီးဆုံး က ဒီနှစ်စက်တင်ဘာလအထိ မိုးကောင်းနိုင်တယ်။ လက်ရှိလည်း မိုးကောင်းနေတယ်။ ရေကြီးနေတယ်။ နောက်ပိုင်းမှာ မိုးပိုကောင်းလာနိုင်တဲ့ အပြင် ရေကိုဆက်လက်သတိထားဖို့ အကြောင်းရှိတယ်။ စက်တင်ဘာ လကုန်အထိ ရွာသွန်းမြဲထက်မိုးပိုနိုင် တယ်လို့ အမေရိကန်နိုင်ငံက ခန့်မှန်း ထားတယ်။ နံပါတ်(၂)အချက်က မြန်မာနိုင်ငံမှာ ရေကြီးတဲ့ကာလ သုံးကြိမ်ရှိတယ်။ ပထမအကြိမ်က ဇွန်လမှာကြီးတယ်။ ဒုတိယအကြိမ်က ဇူလိုင်နဲ့ သြဂုတ်လ၊ တတိယအကြိမ်က စက်တင်ဘာနဲ့ အောက်တိုဘာလမှာ။တစ်နှစ်မှာသုံးကြိမ်ရှိနေတော့ ဇွန်လမှာက ရေကြီးပြီးသွားပြီ။ ဇူလိုင်နဲ့ သြဂုတ်လက လက်ရှိဖြစ်နေတယ်။ စက်တင်ဘာနဲ့ အောက်တိုဘာလမှာလည်း ရေကြီးဖို့အခြေအနေရှိနေ သေးတယ်။ နောက်တစ်ခုက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေက အခုဖြစ်နေတဲ့ တစ်လုံးပဲဖြစ် သေးတယ်။ ဒါတောင် ကုန်းတစ်ဝက်၊ ရေတစ်ဝက်နဲ့ ပီပီပြင်ပြင်မဖြစ်ဘူး။ ဘာပဲပြောပြော နောက်ပိုင်းမှာ စက်တင်ဘာလကစပြီး မုန်တိုင်းဖြစ်ဖို့ အလားအလာက အနည်းဆုံး ၃၊ ၄ လုံးရှိတယ်။ အဲဒီမုန်တိုင်းတွေ ရှိလာရင် မိုးကလာဦးမယ်။ မိုးလာရင် ရေကြီးတဲ့အခြေအနေက ပိုဆိုးလာ နိုင်တယ်။

နောက်တစ်ခုက အရှေ့ဘက်ကလာမယ့် လေပူလှိုင်းက အခုထက်ထိ တစ်ခုမှမလာသေးဘူး။ နောက်ပိုင်းမှာ မိုးနှောင်း မိုးလွန်ကျရင် များသော အားဖြင့် လာတော့မယ်။ အဲဒါတွေ လာရင်လည်း မိုးကရွာနိုင်တယ်။ အဲဒီဘက်က လေပူလှိုင်းတွေ အရှေ့ဘက်ကလာရင် မိုးက တစ်ပတ် ၁ဝ ရက်မတိတ်တော့ဘူး။ အဲဒီတော့ ရေကြီးမှုနဲ့ပတ်သက်ပြီး ရေကိုသတိထားဖို့ ပြည်နယ်၊ တိုင်းဒေသကြီး ငါးခုမှာ အမြဲဖြစ်တတ်တယ်။ အဲဒီ ဒေသတွေကတော့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မွန်၊ ကရင် အဲဒီဒေသတွေ သတိထားပါ။ ရေကြီးတာတင် တစ်ခုတည်းမဟုတ်ဘဲ နေရာဒေသကိုလိုက်ပြီး လေပြင်းတိုက်တာတို့၊ မြေပြိုတာတို့၊ အိမ်ပြိုတာတို့ ကြုံရ တတ်တယ်။ အဲဒါတွေကိုလည်း သတိထားရမယ်။ သတိဝီရိယနဲ့ ဂရုစိုက်ကာကွယ်ကြဖို့ ပြောချင်ပါတယ်။

မေး။ ။ သဘာဝဘေးအန္တရာယ် နဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်တဲ့အပေါ် ဆရာ့အမြင် လေးသိပါရစေ။

ဖြေ။ ။အခုအချိန်ထိ ရေကြီး တာနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုတွေမှာ အားနည်းချက်တွေရှိတယ်။ အဲဒါက ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှုအပိုင်းတွေမှာ ဒေသတာဝန်ခံတွေက လိုအပ်တဲ့ကြိုတင် ကာကွယ်မှုတွေကို လုပ်စေချင်တယ်။ နာဂစ်ဖြစ်ပြီးကတည်းက အစိုးရရဲ့ ဦးဆောင်မှုနဲ့ မြန်မာတစ်ပြည်လုံးမှာ ရှိတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေအားလုံးမှာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစီမံချက် တွေဆောင်ရွက်ဖို့ ရေးဆွဲထားပြီးသား။ အဲဒီအထဲမှာလည်း ပါပြီးသား။ ဘာပြီးရင် ဘာလုပ်ရမလဲဆိုတာ အဲဒီ နေရာတွေမှာ အားနည်းနေတာတွေကို တွေ့ရတယ်။ စီမံချက်ထဲကအတိုင်း ဂရုစိုက်ပြီးလက်တွေ့အသုံးချစေချင်တယ်။ အဓိကပြောချင်တာကတော့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လာရင်ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့၊ တပ်လှန့်နှိုးဆော်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment