Wednesday, July 1, 2015

ဖုန်းဖြင့်ဆက်သွယ်နိုင်သော တက္ကစီအွန်ကောစနစ် ဆောင်ရွက်မည်




The Mirror Daily's photo.
 



တယ်လီဖုန်းဖြင့် ဆက်သွယ်ရုံဖြင့် တက္ကစီဝန်ဆောင်မှု ပေးမည့် တက္ကစီအွန်ကော (Taxi On Call) စနစ် ဇူလိုင်လအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း စီးတီးတက္ကစီပြေးဆွဲ ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်သည့် ရောင်နီဦးကုမ္ပဏီ လီမိတက်မှ သိရသည်။

တက္ကစီအွန်ကောစနစ်ဆောင်ရွက်ရန် စီးတီးတက္ကစီ အသင်းအဖွဲ့များ၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ(ဗဟို) အပါအဝင် ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များစုပေါင်း၍ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်မှုများရှိပြီး လက်ရှိတွင် ရောင်နီဦးတက္ကစီ များက တက္ကစီအွန်ကောစနစ် ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

တက္ကစီအွန်ကောစနစ် ဆောင်ရွက်ရန်အတွက် ကုမ္ပဏီတွင် Call Center ဆောင်ရွက်ပြီးဖြစ်သည်ဟု သိရသည်။ မော်တော်ယာဉ်များတွင်လည်း GPS များ တပ်ဆင်ပြီးဖြစ်၍ ယာဉ်မောင်းသူများအဆင်သင့်ဖြစ်သည်နှင့် တက္ကစီအွန်ကောစနစ် စတင်ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်ကြောင်း ရောင်နီဦးကုမ္ပဏီမှ သိရသည်။

''ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ တိုင်းဒေသကြီးခွင့်ပြုချက်နဲ့ တက္ကစီတွေ စတင်တင်သွင်းလာကတည်းကိုက ဒီလိုအွန်ကောစနစ် ဆောင်ရွက်ပေး နိုင်ဖို့တွေကိုပါ ရည်မှန်းထားပါတယ်။ ပုံစံတူ၊ အရောင်အသွေးတူ တက္ကစီတွေနဲ့ နိုင်ငံခြားမှာလိုပဲ ဖုန်းနံပါတ်တွေ၊ ကားနံပါတ်တွေနဲ့ လိုအပ်တဲ့နေရာကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အွန်ကောစနစ်ကို ထူထောင်ခြင်းဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း တက္ကစီတွေ သွင်းခွင့်ပေးကတည်းကိုက ဒါမျိုးတွေလုပ်ဖို့၊ လုပ်စေချင်လို့ချပေးတာပါ။ ကျွန်တော်တို့အနေနဲ့ တက္ကစီအသုံးပြုချင်သူတွေက ဖုန်းနဲ့ဆက်သွယ်ဖို့အတွက် ကုမ္ပဏီမှာ Call Center အထိုင်ချပြီးပါပြီ။ တက္ကစီတွေမှာ GPS တပ်ပြီးဖြစ်သလို အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ ယာဉ်မောင်းတွေကို ဖိတ်ခေါ်ထားပြီး သတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့သူတွေကို ရွေးချယ်သွားမှာပါ''ဟု ရောင်နီဦးဆားဗစ် ကုမ္ပဏီ လီမိတက်မှ မန်နေဂျာ ဦးစိုးလှိုင်က ပြောသည်။
ယင်းသို့ တက္ကစီအွန်ကောစနစ် ဆောင်ရွက်သွားရန်အတွက် အဆိုပါ ကုမ္ပဏီမှကားများအား မောင်းနှင်ရန် ယာဉ်မောင်းများကိုလည်း ဖိတ်ခေါ်ထားပြီး စပေါ်ငွေကျပ် သုံးသိန်းဖြင့် မောင်းနှင်နိုင်မည်ဟု သိရသည်။ မနက်ယူ ညကားပြန်အပ်စနစ်ဖြင့် မောင်းနှင်ရမည်ဖြစ်ပြီး နေ့စဉ် အုံနာကြေးအနေဖြင့် ကျပ် ၁၂ဝဝဝ ပေးသွင်းရမည်ဖြစ်သည်။ ကားပြင်ဆင်စရိတ်များကို သတ်မှတ် ချက်များနှင့်အညီ ကုမ္ပဏီမှ ကျခံပေးမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များရှိကြောင်း သိရသည်။
''ကျွန်တော်တို့အနေနဲ့ ကားတွေကို ပြင်ဆင်ပေးတဲ့နေရာမှာ သတ်မှတ် ချက်တော့ ရှိပါတယ်။ ကီလိုဘယ်လောက်အတွင်းမှာဆိုရင် တာယာလဲတာတို့၊ ပြင်တာတို့ကို ကုမ္ပဏီက တာဝန်ယူမှာပါ။ တက္ကစီ စီးမယ့်သူက ကျွန်တော်တို့ Call Center ကို ဆက်သွယ်လာရင် ကျွန်တော်တို့က ဘယ်ကားက အနီးဆုံးမှာ ရှိနေလဲ ကြည့်ပြီးစေလွှတ်ပေးမှာပါ။ ကားတွေကတော့ အဆင်သင့်ပါပဲ။ လောင်စာဆီအသုံးပြု ကားတွေပါပဲ။ သတ်မှတ်လိုင်စင်ရှိတဲ့ ယာဉ်မောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်ပါ''ဟု မန်နေဂျာ ဦးစိုးလှိုင်က ပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် တက္ကစီအစီးရေ များပြားလာမှု တို့ကြောင့်လည်း တက္ကစီပြေးဆွဲမှုတွင် ဝင်ငွေကျဆင်းမှုများရှိနေပြီး အချို့ ကားများမှာ အုံနာကြေးအနေဖြင့် ကျပ် ၈ဝဝဝ ဝန်းကျင်ခန့်သာ ရှိတော့ကြောင်း သိရသည်။

သို့ရာတွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ဝင်ငွေကျဆင်းမှုရှိသည့် တက္ကစီယာဉ်မောင်းများအတွက် အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ တစ်ဦး တစ်ယောက်ချင်းပိုင် ယာဉ်ပိုင်ရှင်များ စုပေါင်းကာ တက္ကစီအွန်ကောစနစ် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းမှုများရှိနေပြီး ယင်းစနစ် အောင်မြင်မှု ရှိ၊ မရှိကိုမူ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စီးတီးတက္ကစီ ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များက ဆိုသည်။

ယခင်က ဆောင်ရွက်ခဲ့သည့် တက္ကစီမီတာ စနစ်ကဲ့သို့ ငွေကြေးကုန်ကျမှု ရှိခဲ့သော်လည်း အကျိုးမရှိသော ဖြစ်ရပ်မျိုးမကြုံစေရန် စနစ်တကျ အောင်မြင်အောင် အကောင်အထည်ဖော်သင့်ကြောင်း၊ နိုင်ငံတကာဧည့်သည်များ များပြားလာသည်နှင့်အမျှ နိုင်ငံတကာမြို့ပြများရှိ တက္ကစီဝန်ဆောင်မှု များကဲ့သို့ ဝန်ဆောင်မှုပေးနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ခရီးသည်များက ဝေဖန်ကြသည်။
သတင်း-ဆုနှင်းလဲ့၊ ဓာတ်ပုံ-ဖိုးခွား

No comments:

Post a Comment