Wednesday, July 1, 2015

ရာဇဂြိုဟ်ရေလှောင်တမံ၌ ဓာတ်အားပေးရုံတည်ဆောက်မှု ရာခိုင်နှုန်း ထက်ဝက်ကျော်ပြီးစီး


 
ကလေး ဇွန် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကို လျှပ်စစ်မီးဖြန့်ဝေပေးနိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘက်စုံသုံးရာဇဂြိုဟ်ဆည်တည်ဆောက်ရေးတွင် ဓာတ်အားပေးရုံတည်ဆောက်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီဖြစ်ရာ တပ်ဆင်ခြင်းလုပ်ငန်း၏ ရာခိုင်နှုန်းထက်ဝက်ကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
''ရာဇဂြိုဟ်ဆည်ကနေ လျှပ်စစ်ဓာတ်အားထုတ်ဖို့ ဓာတ်အားပေးရုံတည်ဆောက်ရေးလုပ်ငန်းကို ဖေဖော် ဝါရီ ၁ ရက်ကစပြီးဆောင်ရွက်ခဲ့ရာမှာ ရာခိုင်နှုန်းထက်ဝက်ကျော်နေပါပြီ။ ကျန်နေတာက စလစ်လောင်းတဲ့အပိုင်းတွေ ရယ်၊ တိုင်ထောင်ပြီး အမိုးမိုးတဲ့အပိုင်းတွေပဲကျန်တော့တာပါ။ စက်တင်ဘာလကုန်ဆိုရင်တော့ ဓာတ်အားပေးရုံ တည်ဆောက်ရေးလုပ်ငန်းတွေပြီးစီးပါပြီ။ စက်ကိုတော့ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ စမ်းသပ်လည်ပတ်ကြည့်မှာပါ'' ဟု ဆည်တည်ဆောက်ရေးလုပ်ငန်းမှ အင်ဂျင်နီယာ ဦးဗညားစိုးက ပြောသည်။
ရာဇဂြိုဟ်ရေလှောင်တမံစီမံကိန်းသည် နေရဉ္ဇရာမြစ်ကိုတားဆီး၍တည်ဆောက်ထားသော မြေသားတမံ အမျိုးအစားဖြစ်ပြီး အမြင့် ၁၆၅ပေ၊ အလျားပေ ၁၃၆၆ဝ၊ ပင်မတမံ ၄၇၄၅ပေ၊ ကုန်းကျောတမံ သုံးခု ၈၉၁၅ပေရှိကာ ရေဆင်းဧရိယာ စတုရန်းမိုင် ၁၃ဝ ရှိပြီး နှစ်စဉ်ပျမ်းမျှစီးဝင်ရေ ဧကပေ ၂၄၄၇၈ဝ ရှိ၍ ကန်ရေသောက် ရေလှောင်ပမာဏ ဧကပေ ၈ဝဝဝ ရှိမည်ဖြစ်ကြောင်း သိရသည်။
ရာဇဂြိုဟ်ရေလှောင်တမံဘက်စုံစီမံကိန်းသည် နေရဉ္ဇရာမြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာ မြေဧက ၈၅ဝဝ ကို ရေပေးဝေနိုင်ရန်နှင့် ရေအားလျှပ်စစ်ဓာတ်အား ၄ မဂ္ဂါဝပ်ထုတ်ယူနိုင်မည်ဖြစ်သောကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု အောင်မြင်တိုးတက်လာစေခြင်း၊ လူနေမှုစနစ်တိုးတက်လာစေခြင်း၊ ၂၄ နာရီ လျှပ်စစ် ဓာတ်အားထုတ်လုပ်ပေးနိုင်မှုတို့ကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
(လင်းလက်ကြယ်စင်)

No comments:

Post a Comment