Wednesday, July 1, 2015

အာဆီယံနိုင်ငံများနှင့် ဘင်္ဂလားပင်လယ်အော်ရှိ နိုင်ငံနှစ်နိုင်ငံ ဆက်သွယ်ပေးသော ကုန်သေတ္တာသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ






The Mirror Daily's photo.
 



ရန်ကုန် ဇွန် ၃ဝ

အာဆီယံနိုင်ငံများနှင့် ဘင်္ဂလားပင်လယ်အော်ရှိ နိုင်ငံနှစ်နိုင်ငံ အားဆက်သွယ်ပေးသော ကုန်သေတ္တာတင် သင်္ဘောလေးစင်းအား RK Shipping and Trading ကုမ္ပဏီလီမိတက်နှင့် တရုတ်နိုင်ငံ MINSHENG Shipping ရှန်ဟိုင်း ကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း ဝန်ဆောင်မှုဖြင့် သယ်ယူပို့ဆောင်ပေး လျက်ရှိရာ IRRAWADDY STAR ကုန်သေတ္တာတင်သင်္ဘောမှာ ယနေ့ ညနေ ၅ နာရီခွဲက မြန်မာ့စက်မှု ဆိပ်ကမ်းသို့ တစ်ညအိပ် ဝင်ရောက် ကုန်ပစ္စည်းများတင်ချခဲ့သည်။

အဆိုပါ အာဆီယံနိုင်ငံများနှင့် ဘင်္ဂလားပင်လယ်အော်ရှိ နိုင်ငံ နှစ်နိုင်ငံအား ဆက်သွယ်ပေးသော ကုန်သေတ္တာတင် သင်္ဘောများဖြစ်သည့် IRRAWADDY STAR ၊ DAWEI STAR ၊ TAUNGYI STAR နှင့် PINYA STAR တို့မှာ အာဆီယံနိုင်ငံအတွင်းရှိ ဆိပ်ကမ်း မြို့များဖြစ်သော ထိုင်းနိုင်ငံ လန်ချဘမ်းမြို့၊ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၊ စင်ကာပူနိုင်ငံ စင်ကာပူဆိပ်ကမ်းမြို့၊ မလေးရှားနိုင်ငံ ပို့ကလန်းမြို့၊ မြန်မာ နိုင်ငံ ရန်ကုန်မြို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နှင့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တို့ရှိ ကုန်ပစ္စည်းများအား ချိတ်ဆက်သယ်ယူပို့ဆောင် ပေးလျက်ရှိသည်။

ထိုင်းနိုင်ငံ လန်ချဘမ်းမြို့နှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ဆိပ်ကမ်းတို့မှ သယ်ဆောင်လာသော အီလက်ထရွန်နစ်၊ ဆောက်လုပ်ရေး နှင့်စားသောက်ကုန်ပစ္စည်းများအား မြန်မာနိုင်ငံအတွင်းသို့ သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး နိုင်ငံတကာမှ စင်ကာပူနိုင်ငံရှိ စင်ကာပူဆိပ်ကမ်းသို့ ဝင်ရောက်လာသော ဆိုက်ရောက် ကုန်ပစ္စည်းများအား စင်ကာပူဆိပ်ကမ်းမှ တစ်ဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းမြို့နှင့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ရှိ ဆိပ်ကမ်းများသို့ ဆိုက်ရောက်ကာ သယ်ယူပို့ဆောင် ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုပေးလျက်ရှိသည်။

RK ကွန်တင်နာလိုင်းမှ မန်နေဂျင်း ဒါရိုက်တာ ကပ္ပတိန် ဦးဟင်နရီ ခင်မောင်က''အဓိကတော့ တရုတ်နိုင်ငံမှာရှိတဲ့ သင်္ဘောကုန်စည်လုပ်ငန်းမှာ နာမည်ကျော်ကြားတဲ့ MINSHENG SHANHAI ကုမ္ပဏီလီမိတက်နဲ့ ပူးပေါင်းဆောင် ရွက်တဲ့လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ကုန်စည်စီးဆင်းမှုကို အဓိက စတင်လုပ်ဆောင်နေတာပါ၊ အာရှနိုင်ငံတွေအတွက် လွန်စွာအကျိုးရှိပါတယ်။ အရင်ကဆို ကြားနိုင်ငံတွေကို တစ်ထောက်ရပ်နားရတော့ ကုန်သည်တွေအတွက် ကုန်တင်၊ ကုန်ချကုန်ကျစရိတ်တွေ ရှိနေပါတယ်။ခုတော့ တိုက်ရိုက်လုပ်ပေးထားတဲ့ ဝန်ဆောင်မှုစနစ် ဖြစ်တဲ့အတွက် ကွန်တင်နာတစ်လုံးကို အနည်းဆုံး ဒေါ်လာ ၁ဝဝ အထူးဈေးနှုန်း သက်သာသွားပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီး က ကုန်သည်တွေအတွက်လည်း လွန်စွာအကျိုးရှိပါတယ်''ဟု ဆိုသည်။

အဆိုပါ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဝန်ဆောင်မှု၏ထူးခြားချက်အရ ယခင်မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နှင့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ရှိဆိပ်ကမ်းများသို့ ကုန်ပစ္စည်းများ တင်ပို့လျှင် မလေးရှားနိုင်ငံရှိ ပို့ကလန် ဆိပ်ကမ်းသို့ဝင်ရောက်ပြီးမှ တစ်ဆင့် ခံသယ်ယူပို့ဆောင်ရသည့်အတွက် ကြာမြင့်ကြောင်းသိရပြီး ယခုလက်ရှိအနေအထားသယ်ယူပို့ဆောင်ရေးစနစ်အရ မြန်မာ့စက်မှုဆိပ်ကမ်းမှ ဇူလိုင် ၁ ရက် နံနက်အစောပိုင်း ခရီးထွက်ခွာပြီးနောက် နှစ်ရက်နှင့် ၄ နာရီ ကြာမြင့်ပြီးမှသာ စစ်တကောင်းမြို့ ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ယခင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာ၌ ၁ဝ ရက် ကြာမြင့်သည့် ကိုလ်ကတ္တားမြို့ဆိပ်ကမ်းသို့ ၁၈ နာရီကြာတွင် ကုန်ပစ္စည်းများ ဝင် ရောက်မည်ဖြစ်သည်။

ထို့နောက် ကိုလ်ကတ္တားမြို့ ဆိပ်ကမ်းမှတစ်ဆင့် မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများအတွက်ကုန်ပစ္စည်းများသယ်ယူလာပြီးနောက် မလေးရှားနိုင်ငံရှိ ပို့ကလန် ဆိပ်ကမ်းသို့ ဆိုက်ကပ်ကာ ထိုင်းနိုင်ငံ လန်ချဘမ်းမြို့၌ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများ ဝန်ဆောင်မှုခရီးစဉ် ပြီးဆုံးမည် ဖြစ်သည်။

ပြီးခဲ့သည့် မေလလယ်ပိုင်းက စတင်ခဲ့သော အာဆီယံနိုင်ငံများနှင့် ဘင်္ဂလားပင်လယ်အော်ရှိ နိုင်ငံနှစ်နိုင်ငံ အားဆက်သွယ်ပေးသော ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစနစ်မှာ ယခုအခါ INDIA Bay of Bengal Service ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဝန်ဆောင်မှု ဖြစ်လာကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ
စိုးဝင်း(MLA)

No comments:

Post a Comment