Thursday, July 2, 2015

ဂုဏ်သိက္ခာရှိမှ မိန်းမလှ


 
ခင်ဆွေမြင့် (မြန်မာစာ)
မြန်မာအမျိုးသမီးများ၏ နယ်ပယ်တွင် ''ဣတ္ထိ ရူပံဓနံ''ဟူသော စကားစဉ်သည် ထင်ရှားလှပါသည်။ အမျိုးသမီးများအတွက် ရုပ်ရည်အဆင်းလှပခြင်းသည် ဥစ္စာပစ္စည်း ချမ်းသာကြွယ်ဝခြင်းပင်ဖြစ်သည်ဟူသော အယူအဆကို မငြင်းမဆန်လက်ခံကြပါသည်။
လူ့သဘာဝအရ လူသည် အလှအပကို နှစ်သက် သည်။ အလှအပကို မှုန်းနိုင်၊ ခြယ်နိုင်သည်နှင့်အမျှ လှပ နိုင်သော မိန်းကလေးငယ်များအတွက် အလှအပသည် ဘဝ၏ နှစ်သက်မြတ်နိုးဖွယ်ရာ အဆင်တန်ဆာ ဖြစ်ပါ သည်။ အလှအပဖြင့် မိမိ၏ ရုပ်ဆင်းရောင်ဝါကို ဝင်းပ အောင် ဖန်တီးနိုင်ကြသည်။ ပတ်ဝန်းကျင်၏နှစ်သက်မှု၊ စွဲလမ်းမှု၊ အံ့သြမှု၊ ချီးမွမ်းမှုများကို ခံယူပြီး ကြည်နူး ကျေနပ်ကြရသည်။
မည်မျှပင် နှစ်ပေါင်း၊ ခေတ်ပေါင်း ရာထောင်ချီပြီး ပြောင်းလဲခဲ့သော်လည်း လှချင်သော မိန်းမသားများ၊ လှအောင်ပြုပြင်ဆင်ယင်ကြသော မိန်းမသားများသည် ရှိခဲ့ရှိဆဲ ရှိနေကြဦးမည်ဖြစ်ပါသည်။
ဗုဒ္ဓယဉ်ကျေးမှုထွန်းလင်းတောက်ပသော ကျွန်မ တို့ မြန်မာ့လူ့အဖွဲ့အစည်းသည် ဗုဒ္ဓစာပေကျမ်းဂန်များ ထဲမှ အလှဇာတ်လမ်းများစွာ၏ အနှစ်သြဇာကို ရယူ ခံစားခဲ့ကြသည်။ နန်းဆောင်ဘုံမြင့် ခုနစ်ဆင့်တွင် နန်းပြာသာဒ်တံခါးကိုပိတ်ပြီး တစ်ကိုယ်တည်း ညည်းညူ တမ်းတလွမ်းချင်းချခဲ့သော သိဝိမင်းကြီးနှင့် ဥမ္မာဒန္တီ သတို့သမီး၏ အလှဇာတ်လမ်းသည် လည်းကောင်း၊ ခုနစ်ဆောင်တိုက်ခန်းကိုပင် မီးမထွန်းဘဲ လင်းစေ နိုင်လောက်အောင် ကိုယ်ရောင်ဝင်းပ အလှကြီးခဲ့သည့် ပဘာဝတီမင်းသမီးနှင့် ဇွဲနပဲကြီးလှသော မင်းကုသ တို့၏ ဇာတ်လမ်းသည်လည်းကောင်း မြန်မာအမျိုးသမီး များ၏ ရင်ထဲစွဲနစ်နေခဲ့သော အလှတရားဆိုင်ရာ သာဓကများဖြစ်ပါသည်။
ခေတ်မီသိပ္ပံနည်းပညာများ ဖွံ့ဖြိုးတိုးတက်လျက် ရှိသော ယနေ့ခေတ်တွင် အလှအပဆိုင်ရာ ပစ္စည်းများစွာ၊ အလှပြင်ကိရိယာများစွာ၊ အလှအပနည်းနာ များစွာတို့သည် ရေတွက်၍မနိုင်အောင် တိုးပွားများပြား လာပါသည်။ ဆံပင်မှ ခြေဖျားအဆုံး၊ ကိုယ်ခန္ဓာအစိတ် အပိုင်းအသီးသီးကို အလှအပအတွက် ခွဲစိတ်နိုင်သည်။ ပြုပြင်နိုင်သည်။
အရောင်အသွေးအမျိုးမျိုး ခြယ်မှုန်းနိုင် သည်။ အသားအရေဖြူဖွေးချောမွေ့ နူးညံ့အောင်လည်း လုပ်နိုင်သည်။ ဆံပင်ကို နူးညံ့ပျော့ပျောင်းအောင်လည်း လုပ်နိုင်သည်။ ဖြောင့်နိုင်သည်။ ကောက်နိုင်သည်။ အရောင်အမျိုးမျိုးလည်း ဆိုးနိုင်သည်။ ခေတ်အလိုက် အမျိုးမျိုးပြုပြင်ဖန်တီးကြပါသည်။ အကြောင်းရင်းမှာ လှလိုခြင်းပင်ဖြစ်ပါသည်။
သို့ရာတွင် ဤအလှများသည် အရေပြားပေါ်မှ အပေါ်ယံအလှမျှသာဖြစ်သည်ကိုလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တကို နားရည်ဝနေသော ကျွန်မတို့ မြန်မာများအားလုံး သိရှိနားလည်ပြီး ဖြစ်ပါသည်။ လက်ခံပြီးသား ဖြစ်ပါသည်။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ ''စိတ်ကောင်း ရှိဖို့က ပထမ''ဟူသော သြဝါဒကထာကို ကျွန်မတို့အားလုံး သဘောပေါက် လိုက်ကြပြီးသား ဖြစ်ပါသည်။ ''စိတ်အလှ သည်သာ အနှစ်သာရ'' ဖြစ်ကြောင်း ကျွန်မတို့ လက်ခံ ကြပြီးဖြစ်ပါသည်။
''စိတ်အလှရှိသူသည် ဂုဏ်သိက္ခာရှိသူဖြစ်ပါသည်''၊ ''လူ့ကျင့်ဝတ်စောင့်ထိန်းသူများသည် ဂုဏ်သိက္ခာ ရှိသူများဖြစ်ပါသည်''။
''ဂုဏ်သိက္ခာ''ကို အဘိဓာန်ကျမ်းများက စောင့်စည်း ထိန်းသိမ်းအပ်သောဂုဏ်၊ လေးလေးစားစား ဆက်ဆံကြ သောဂုဏ်၊ တန်ဖိုးရှိသောဂုဏ်၊ မြင့်မြတ်သောဂုဏ်၊ ရိုးဖြောင့်မှု၊ စာရိတ္တကောင်းမွန်မှု၊ တည်ကြည်မှု၊ integrity, dignity စသည်ဖြင့် ဖွင့်ဆိုကြပါသည်။
လိုက်နာစောင့်ထိန်းအပ်သော အမူအရာ (behavior) များကို စောင့်စည်းထိန်းသိမ်းခြင်းဟူသော ကျင့်ဝတ်ရှိသူသည် ဂုဏ်သိက္ခာရှိသူ၊ တန်ဖိုးရှိသူဖြစ်ပါ သည်။ ပတ်ဝန်းကျင်၏ လေးလေးစားစား ဆက်ဆံသော ဂုဏ်ကို ရရှိပါလိမ့်မည်။
မြန်မာအမျိုးသမီးများ လိုက်နာကျင့်သုံးကြသော ကျင့်ဝတ်များသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် နှစ်ပေါင်း ထောင်ချီ၍ ကျင့်သုံးဆောက်တည်ခဲ့သော ကျင့်ဝတ်များ ဖြစ်ခြင်းကြောင့် အသားကျ အသားသေနေသော မြန်မာ့ လူမှုတန်ဖိုးများဖြစ်ပါသည်။
သူ့အသက် မသတ်ရ၊ သူ့ဥစ္စာကို သူမသိဘဲ ခဏလေးသော်မျှ ယူမသုံးရ၊ မိမိ၏ ဇနီး၊ မယား၊ ခင်ပွန်း မဟုတ်သူကို စိတ်နှင့်ပင် မပြစ်မှားရ၊ လိမ်ညာကြမ်းတမ်း၊ အကျိုးမရှိ ကုန်းတိုက်စကားများ မပြောဆိုရ၊ မူးယစ်စေ တတ်သည်များ မသုံးစွဲရဟူသော သီလငါးပါးသည်ပင် ကျွန်မတို့နှင့် ကျွမ်းဝင်ရင်းနှီးနေပြီဖြစ်သော အခြေခံအကျ ဆုံး မြန်မာ့ကျင့်ဝတ်ဖြစ်ပါသည်။
''လူမိုက်ဆိုလျှင်၊ ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ''
''ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ်၊ နည်းယူလေ''
''သုံးပါးရတနာ၊ မိဘများနှင့် ဆရာသမားကို ပူဇော်လေ''
''အလုပ်တာဝန်မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ''
''လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာသင်ကြား နားလည်စေ''
အစရှိသော မြန်မာများ ကျင့်သုံးလိုက်နာကြသည့် (၃၈)ဖြာ မင်္ဂလာတရားတော်သည်လည်း ယဉ်ကျေးမှုအဆင့် မြင့်စေသော လူမှုလမ်းညွှန်များဖြစ်ပါသည်။
သိင်္ဂါတောဝါဒသုတ္တန်တွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော မိဘနှင့် သားသမီးဝတ်၊ ဆရာဝတ်၊ တပည့်ဝတ်အစရှိသော ကျင့်ဝတ်ငါးပါးအစု များသည်လည်း မြန်မာ့လူ့အဖွဲ့အစည်းတွင် နှစ်ပေါင်း ထောင်ချီပြီး လိုက်နာကျင့်သုံးခဲ့ကြသော စံမီ စံထားရသည့် လူ့ကျင့်ဝတ်များဖြစ်ပါသည်။
မြန်မာအမျိုးသမီးများအတွက်မူ မိဘဝတ်၊ သား သမီးဝတ်၊ ဇနီးဝတ်များသည် အရွယ်သုံးပါး မိန်းမသား များ၏ ကျင့်ဝတ်ဖြစ်နေပါပေပြီ။
''မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်'' သည် မိခင်ဘဝ မိခင်အရွယ် မြန်မာအမျိုး သမီးများအတွက် လမ်းညွှန်ခဲ့သည်မှာ ဗုဒ္ဓသာသနာ ရောက်ရှိစဉ်ကပင်ဖြစ်ပါသည်။ ကာလရှည်ကြာခဲ့ပါ လေပြီ။
''ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်'' သည် သမီးဘဝ သမီးအရွယ် မြန်မာအမျိုးသမီးများ ကျင့်သုံး နေကြသည့် သမီးကောင်းကျင့်ဝတ်များ ဖြစ်နေပါသည်။
''အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ် ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ အိမ်သူကျင့်အပ်စွာ''သည် မြန်မာအမျိုးသမီး ဇနီးသည် များ၊ အိမ်ရှင်မကောင်းများ လက်ခံ လိုက်နာကြရသော အသားကျနေပြီဖြစ်သည့် ဇနီးကျင့်ဝတ်များ ဖြစ်ပါသည်။
ဤကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းခြင်းဖြင့် မြန်မာအမျိုးသမီးများသည် ယဉ်ကျေးမှုဂုဏ်သိက္ခာ တင့်တယ်ထည်ဝါသော အလှစစ်ပိုင်ရှင် မိန်းမသားများ အဖြစ် ရပ်တည်နိုင်ကြမည်ဖြစ်ပါသည်။
''အမရာကိန္နရီ၊ မဒီသမ္ဘူလ၊ တော်လေးဝ'' ကိုစံထားပြီး ခင်ပွန်းသည်အပေါ် သစ္စာကြီးမား ကြသူများ၊ ''မိန်းမတို့ဣနြေ္ဒ၊ ရွှေပေးလို့မရ''၊ ''ဆင်မ ယဉ်သာ''၊ ''ခြေတစ်လှမ်း ကုဋေတစ်သန်း'' စကားများကို ပုံဆောင်ပြီး နူးညံ့သိမ်မွေ့သူ၊ ဣနြေ္ဒဂုဏ်သိက္ခာကို တန်ဖိုးထားသူများ ''မိန်းမကောင်း ပန်းပန် တစ်ပွင့်တန်၊ မိန်းမသွမ်းပန်းပန် တစ်ဟင်းငံ'' ဟူသော လမ်းညွှန်ချက် ကို ခံယူပြီး အချစ်ရေး၊ အိမ်ထောင်ရေးတွင် စည်းကမ်း ကြီးသူများ ''အသက်နှင့်လူမလုပ်၊ အရှက်နှင့် လူလုပ်''၊ ''ဟီရိသြတ္တပ္ပ အရှက်နှင့် အကြောက်'' ဟူသော စကား များကို စံထားပြီး မိမိတို့၏ ကိုယ်ကျင့်တရားနှင့် ဂုဏ် သိက္ခာကို တန်ဖိုးထားသူများအဖြစ် ရှင်သန်လာခဲ့ကြ ခြင်းသည် မြန်မာအမျိုးသမီးများ၏ အဖိုးမဖြတ်နိုင် သော ယဉ်ကျေးမှုဂုဏ်ရည်လည်း ဖြစ်ပါသည်။
ဤမျှအစဉ်အလာကြီးမားအားကောင်းခဲ့သော မြန်မာအမျိုးသမီးများ၏ မိမိဘဝကို ထိန်းသိမ်းခြင်း၊ မိမိဣနြေ္ဒကို စောင့်စည်းခြင်း၊ မိသားစုကို ဦးဆောင် စောင့်ရှောက်နိုင်ခြင်း အစရှိသော အရည်အသွေး ကောင်းများကြောင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ အရေးကြီးလှသော ကျွန်မတို့၏ မြန်မာ့လူ့အဖွဲ့အစည်း သည် သမိုင်းခေတ်တစ်လျှောက် ပုံရိပ်မပျောက်၊ ရုပ်မပျောက်ခဲ့ရခြင်းဖြစ်ပါသည်။
ယနေ့ကျွန်မတို့ မြန်မာအမျိုးသမီးကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ်များ အားလုံးသည်လည်း သမိုင်း အစဉ်အလာကြီးခဲ့သော မြန်မာအမျိုးသမီးများ၏ ကျင့်ဝတ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အမျိုးသမီးများ၏ ဂုဏ်သိက္ခာအလှကို တည်ဆောက်ကြ စေချင်ပါသည်။
အသွင်အပြင် အလှ၊ မျက်နှာပြင်အလှများသာမက အနှစ်သာရဖြစ်သော ရင်တွင်းအလှ၊ စိတ်အလှ၊ ကိုယ်ကျင့် တရားအလှများဖြင့် မှုန်းခြယ်ကြသော ''ဂုဏ်သိက္ခာ ပြည့်ဝ မိန်းမလှ'' များဖြစ်ကြပါစေကြောင်း မြတ်သော စိတ်ဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment