Thursday, July 2, 2015

ကုန်းတွင်းပိတ်နိုင်ငံကရှိသည့်သယံဇာတကို တန်ဖိုးမြင့်ထုတ်ကုန် ထုတ်ရောင်း မဖြစ်မနေလိုအပ်သည့် စားစရာနှင့်ပစ္စည်း ပြည်ပမှတင်သွင်းရပ်တည်



တွေ့ဆုံမေးမြန်း-ရာမည
ဓာတ်ပုံ-ဟိန်းထက်
၁၉၅၆ ခုနှစ်က မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး စတင်ခဲ့သည့်နောက်ပိုင်း မွန်ဂိုလီးယားသမ္မတ မစ္စတာ အယ်လ် ဘတ်ခ်ဒေါ့ဂ်ျဇတ်ဟီးလ်ယာဒ်သည် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်ထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ကြီးအား မွန်ဂိုလီးယားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည့်အတွက် နိုင်ငံတော်သမ္မတကြီးဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မွန်ဂိုလီးယားနိုင်ငံသို့ ပထမဆုံးချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇွန် ၂၈ ရက်မှ ၃ဝ ရက်အထိ သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့အကြား ဒီမိုကရေစီရွေးကောက်ပွဲကျင်းပခြင်း အတွေ့ အကြုံများကို ဖလှယ်သွားရန်နှင့် မွန်ဂိုလီးယားနိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ မြန်မာနိုင်ငံသို့စေလွှတ်ရန် နှစ်ဖက်သက်ဆိုင်ရာတာဝန် ရှိသူများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ၊ သတင်း အချက်အလက်နှင့် ကျွမ်းကျင်သူများဖလှယ်ရေး၊ ကုန်သွယ်ရေး၊ သတ္တုကဏ္ဍ၊ ကမ္ဘာလှည့်ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှုနှင့် စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝသယံဇာတများကို သင့်လျော်စွာ အသုံးချရေး၊ ဥပဒေရေးရာဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘူမိဗေဒဆိုင်ရာ တူးဖော်မှုတွင် ကျွမ်းကျင်မှုဖလှယ်ရေးနှင့် အရင်းအမြစ်တူးဖော်မှုလုပ်ငန်းများ ပွင့်လင်း မြင်သာမှုရှိရေးလုပ်ငန်းစဉ်(EITI)မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်သွား ရေး စသည့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို သဘောတူညီခဲ့ ကြကြောင်း သိရသည်။ သို့ဖြစ်ခြင်းကြောင့် နိုင်ငံတော်သမ္မတကြီးနှင့်အတူ ခရီးစဉ်အတွင်း လိုက်ပါခဲ့ကြသူများ၏ ခရီးစဉ်အပေါ်သဘောထား မှတ်ချက်ပြု သည်များကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။
ဦးဝဏ္ဏမောင်လွင်
(ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန)
ဒီခရီးစဉ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ၁၉၅၆ ခုနှစ်က မြန်မာနဲ့ မွန်ဂိုလီးယားနိုင်ငံတို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ပြီးတဲ့နောက်ပိုင်း နိုင်ငံတော်သမ္မတကြီးရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။ နောက်နှစ်ဆိုရင် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုဟာ နှစ်ပေါင်း(၆ဝ) ပြည့်ပြီဖြစ်ပါတယ်။ မွန်ဂို လီးယားသမ္မတက ၂ဝ၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက် လည်ပတ်ခဲ့ပြီး နိုင်ငံတော်သမ္မတကြီးကို သူတို့ဆီလာရောက်လည်ပတ်ဖို့ ဖိတ် ခေါ်ခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတကြီးအနေနဲ့ အခုလို မွန်ဂိုလီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ခြင်းဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုတွေကို ဒီထက်ပိုပြီးတော့ တိုးတက် အောင်မြင်အောင်ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အလားတူ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများအသင်းနဲ့ မွန်ဂိုလီးယားကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများအသင်းတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီအတွက်ကြောင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းတွေမှာ ပိုမိုပူးပေါင်းဆောင် ရွက်ဖို့တွေ ရှိလာပါတယ်။ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးမှာလည်း ပုဂ္ဂလိက ကဏ္ဍအနေနဲ့ တိုးတက်လုပ်ဆောင်ဖို့ရှိလာပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ပြည်သူချင်းလည်း ဆက်သွယ်မှု၊ ခရီးသွားလာမှုလုပ်ငန်းတွေလည်း လုပ်ဆောင် လာဖို့ရှိလာပါတယ်။ မွန်ဂိုလီးယားနိုင်ငံအနေနဲ့ ၁၉၉ဝ ခုနှစ်ကစပြီး ဒီမိုကရေ စီစနစ်ကို ပထမဆုံး စတင်ကူးပြောင်းလာတဲ့အခါမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဟာလည်း ခုဆိုအတော်လေးခရီးရောက်လာပြီဖြစ်ပါတယ်။
တစ်ချိန်တစ်ခါက သူတို့မှာ ဘာသာရေးနဲ့ပတ်သက်တဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရခဲ့တဲ့ အချိန်အတိုင်းအတာတစ်ခု ရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ဝင်တွေက အများစုဖြစ်တဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာရဲ့စစ်မှန်တဲ့တရားတွေကို သိရှိလာကြတယ်။ သမ္မတကြီးအနေနဲ့ Choijamts ဘုန်းတော်ကြီးကို သွားရောက် ဂါရဝပြုတွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓသာသနာထွန်းကား နေမှုတွေကို လာရောက်လေ့လာလိုပါတယ်၊ ဆည်းပူးလိုပါတယ်၊ အပြန်အလှန် ခရီးသွားလုပ်ငန်းတွေ ဆောင်ရွက်လိုပါတယ်လို့ဆိုပါတယ်။ ယဉ်ကျေးမှုချင်း အဆင်တူသော်လည်း တစ်ယောက်နဲ့တစ်ယောက် အလှမ်းကွာဝေးနေတဲ့ နိုင်ငံနှစ်နိုင်ငံဖြစ်လို့ မြန်မာဘက်ကဖြစ်စေ၊ မွန်ဂိုလီးယားဘက်ကဖြစ်စေ အပြန်အလှန်သွားလာလည်ပတ်ကြမယ်ဆိုရင် နှစ်နိုင်ငံပြည်သူချင်း ရင်းနှီးမှု၊ ယဉ်ကျေးမှုချင်းဖလှယ်နိုင်မှုတွေ ရရှိမှာဖြစ်ပါတယ်။
အလားတူပဲ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဆိုရင်လည်း မွန်ဂိုလီးယား နိုင်ငံဟာ အင်အားကြီးနှစ်နိုင်ငံကြားမှာ တည်ရှိနေတဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်လို့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေကို မြန်မာ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေပါတယ်။ ပူးပေါင်းဆောင်ရွက်မယ့် အလားအလာတွေလည်း တွေ့နေရပါတယ်။
ဒီခရီးစဉ်ရဲ့ရလဒ်အနေနဲ့ကတော့ ရှေ့အနာဂတ်ကာလမှာ မြန်မာနဲ့ မွန်ဂိုလီးယားနိုင်ငံတို့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တွေတိုးတက်အောင်ဆောင်ရွက်မယ်ဆိုရင် ပြည်သူချင်းထိတွေ့မှု ပိုမိုများပြား လာစေမှာပါ။ နောက်ပြီး နှစ်နိုင်ငံက ယဉ်ကျေးမှုအခြေခံချင်းလည်း သိပ်ပြီး ခြားနားမှုမရှိလို့ ဒီထက်ပိုပြီးတော့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ထူထောင် နိုင်မယ်လို့ထင်ပါတယ်။ အဲဒီအတွက် သမ္မတကြီးရဲ့ ဒီခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ်တစ်ခုလို့ပြောနိုင်ပါတယ်။
နှစ်နိုင်ငံ လေကြောင်းပူးပေါင်းဆောင်ရွက်မှုနဲ့ တိုက်ရိုက်လေကြောင်း ခရီးစဉ်ပြေးဆွဲမှုတွေအတွက်(Air Service Agreement)ဆိုတဲ့ သဘောတူညီ ချက်တစ်ခုကို နှစ်ဖက်ညှိနှိုင်းနေတဲ့အနေအထားရှိပါတယ်။ နှစ်ဖက်သဘောတူ ပြီးသွားရင်တော့ ဒီခရီးစဉ်တွေဖြစ်လာမှာပါ။
တကယ်တော့ နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းခရီးစဉ်ဆိုရင် ပျံသန်းချိန်က ငါးနာရီ၊ ငါးနာရီခွဲလောက်ပဲ ရှိတဲ့အတွက် သွားလာလို့လွယ်ကူတဲ့အနေအထားရှိတယ်လို့ပြောလို့ရပါတယ်။ ဒီအတွက် တိုက်ရိုက်လေကြောင်းခရီးစဉ်တွေဖြစ်လာမယ်ဆိုလို့ရှိရင် နှစ်နိုင်ငံ ထိတွေ့မှုတွေလည်း ဒီထက်ပိုပြီးတော့များပြားကောင်းမွန်လာမှာဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်ကတော့ သံတမန်နဲ့ Official ပတ်စ်ပို့ဆိုရင် နှစ်နိုင်ငံ ဗီဇာကင်း လွတ်ခွင့်နဲ့ သွားလာမှုသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် သံတမန်နဲ့Official ပတ်စ်ပို့ဆိုရင် ဗီဇာကင်းလွတ်ခွင့်နဲ့ သွားလာနိုင်ပါပြီ။ တစ်ချိန်ချိန်မှာ ဒီထက်ပိုပြီး ထိတွေ့ဆက်ဆံမှုတွေ များပြားလာမယ်ဆိုရင်တော့ သာမန်ပတ်စ်ပို့တွေလည်း ဗီဇာကင်းလွတ်ခွင့်ရလာမယ်လို့ ထင်ပါတယ်။
ဦးအေးလွင်
(တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ကုန်သည်/စက်မှုအသင်းချုပ်)
ဒီခရီးစဉ်ကတော့ ချစ်ကြည်ရေးခရီးစဉ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီး ဦးဆောင်ပါဝင်ပြီး ကုန်သည်/စက်မှုအသင်းမှ ကိုယ်စားလှယ်များ လည်းလိုက်ပါခွင့်ရတဲ့အတွက် လိုက်ပါရခြင်းဖြစ်ပါတယ်။ မွန်ဂိုလီးယားနိုင်ငံ အကြောင်းပြောရမယ်ဆိုလို့ရှိရင် သူတို့နိုင်ငံက တရုတ်နဲ့ ရုရှား နိုင်ငံကြီးနှစ်ခုကြား မှာ တည်ရှိနေတဲ့ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပြီး ရာသီဥတုကလည်း ဆိုးရွား တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်သူတို့ဟာ ဆိုရှယ်လစ်စနစ်ထိ ပြုပြင်ပြောင်း လဲမှုတွေလုပ်သွားတာကို ကျွန်တော်တို့နိုင်ငံအနေနဲ့ အတွေ့အကြုံကောင်းတွေ ရယူနိုင်ပါတယ်။ အဲဒါက နိုင်ငံရေးနဲ့ ပတ်သက်လို့ပေါ့။ ဒီမိုကရေစီရေးအရ ကြည့်မယ်ဆိုလို့ရှိရင် ၁၉၉ဝ ပြည့်နှစ် ကွန်မြူနစ်စနစ်မှာ သူတို့ဟာ တစ်တိုင်း ပြည်လုံးအတိုင်းအတာအားဖြင့် ကားအစီးရေ ၄ဝဝဝ လောက်ပဲရှိတယ်။ အခုဆိုရင် တစ်တိုင်းပြည်လုံးမှာ ကားအစီးရေ ၄ဝဝဝဝ လောက်ရှိလာပြီ။ နောက်ပြီး စီးပွားရေးကလည်း ဖွံ့ဖြိုးတိုးတက်လာတယ်။
၁၉၉ဝ ပြည့်နှစ် နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေလုပ်လာတယ်။ အဓိကအားဖြင့် ပညာရေး နဲ့ ကျန်းမာရေးကို အသားပေးလုပ်ဆောင်တာတွေ့ရတယ်။
စီးပွားရေးဘက်ကိုကြည့်မယ်ဆိုရင် သူတို့မှာ သယံဇာတအရင်းအမြစ် ကြွယ်ဝတယ်။ ဓာတ်သတ္တုပါ။ နောက်ပြီးသူတို့မှာ တောရိုင်းတိရစ္ဆာန်တွေ ပေါတယ်။ အဲဒီတောရိုင်းတိရစ္ဆာန်တွေရဲ့ထွက်ကုန်ဖြစ်တဲ့ သားရေလုပ်ငန်း ကို အဓိကဖွံ့ဖြိုးတိုးတက်အောင်လုပ်လိုက်တယ်။ နောက်ပြီး အသားတွေကို ပြည်ပတင်ပို့တယ်။ ဒါပေမယ့် သူတို့ရဲ့ အားနည်းချက်က ဆန်စပါး၊ ကောက်ပဲ သီးနှံ၊ သစ်သီးဝလံတွေ စိုက်ပျိုးလို့မရဘူး။
သူတို့နေ့စဉ်စားသောက်ဖို့အတွက် ဆန်ကအစ ကန်စွန်းရွက်အဆုံး သစ်သီးဝလံအားလုံးကို နိုင်ငံခြားကတင်သွင်း ရတယ်။ ၂ဝ၁၃ ခုနှစ်အထိ သူတို့နိုင်ငံရဲ့ စီးပွားရေးဟာ အနုတ်လက္ခဏာပြနေ သေးတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဒီဘက် ၂ဝ၁၄ အကျော် မှာ စီးပွားရေးဟာ အပေါင်းလက္ခဏာပြလာတယ်။
သူတို့နိုင်ငံမှာ အသက်အပိုင်းအခြားအလိုက် လူငယ်၊ လူလတ်၊ လူကြီး မရွေး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အတွက်လည်း စိတ်အားထက်သန်ကြတာတွေ့ရတယ်။ ဒါကို ကျွန်တော်တို့နိုင်ငံနဲ့ ယှဉ်ပြီး ပြန်စဉ်းစားရမယ်။ ကျွန်တော်တို့နိုင်ငံဟာလည်း အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားမှာရှိတယ်။ ကျွန်တော်တို့ရဲ့အားသာချက်က ပင်လယ်ဆိပ်ကမ်းတွေရှိတယ်။ ရာသီဥတုကလည်း သူတို့ထက်ကောင်းမွန်တယ်။
စိုက်ပျိုးရေးလည်း ကောင်းကောင်းလုပ်လို့ရတယ်။
သူတို့လိုပဲသယံဇာတ ပေါတယ်။ မွေးမြူရေးလည်းလုပ်လို့ရတယ်။ သူတို့ထက် အားသာချက်တွေအများ ကြီးရှိတယ်။ ဒါကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့နေရာမှာ အစိုးရ သာမက ပြည်သူတွေကလည်း တစ်တပ်တစ်အား ဝိုင်းဝန်းလုပ်ဆောင်ကြ ဖို့လိုတယ်။ သူတို့ဟာ ပညာရေးကို အလွန်အားပေးတယ်။ အနောက်နိုင်ငံပညာ ရေး၊ ဥရောပပညာရေး၊ အင်္ဂလန်ပညာရေး အစရှိသဖြင့် အားပေးလုပ်ဆောင်တာ တွေ့ရတယ်။ အဲဒါကလည်းကောင်းမွန်တဲ့ အချက်တစ်ခုဖြစ်တယ်။
ဒါ့အပြင် တိုင်းပြည်တိုးတက်ဖို့အတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စွမ်းအင်(လျှပ်စစ်ဓာတ်အား)ကို လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်ကျော်ကတည်းက အပြည့်အဝပေးနိုင်ခဲ့တယ်။ အဓိကအားဖြင့် သူတို့နိုင်ငံရဲ့သယံဇာတဖြစ်တဲ့ ကျောက်မီးသွေးကိုအသုံးပြုပြီး ဓာတ်အားထုတ်လုပ်တယ်။ ဒါဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတယ်လို့ဆိုသော်ငြားလည်း သူတို့ဟာ ဒါကိုထိခိုက်မှု အနည်းဆုံးဖြစ်အောင်ကြိုးစားနေကြတယ်။ အစိုးရကလည်း ဓာတ်အားပေးကုမ္ပဏီ တွေအတွက် ကျောက်မီးသွေးကို ဈေးသက်သက်သာသာနဲ့ရောင်းပေးတယ်။ နောက်လျှပ်စစ်ဓာတ်အားကလည်း တစ်ယူနစ်ကို မြန်မာငွေနဲ့တွက်ကြည့်ရင် ၂၅ ကျပ်လောက်ပဲရှိတယ်။
အဲဒီအတွက်သူတို့ရဲ့ပြည်သူတွေဟာ လျှပ်စစ်ဓာတ် အားခ ချိုသာစွာနဲ့ အခြေခံစက်မှုလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ကြတယ်။ အဲဒီမှာ ကျွန်တော်တို့ကြည့်ရမှာက ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံက သူတို့ရဲ့ ရှိတဲ့သယံဇာတနဲ့ထွက်ကုန်တွေကို အခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်အဖြစ်ထုတ် ရောင်းပြီးတော့ သူတို့နိုင်ငံအတွက် မဖြစ်မနေလိုအပ်တဲ့ စားစရာနဲ့ ပစ္စည်းတွေ ကို ပြည်ပကတင်သွင်းပြီး ရပ်တည်နေနိုင်တာက သူတို့ရဲ့စီမံခန့်ခွဲမှု အင်မ တန်စနစ်ကျတယ်လို့ဆိုနိုင်တယ်။ ကျွန်တော်တို့ဆီမှာက သူတို့ထက်ပိုပြီးပြည့်စုံ တဲ့အနေအထားတွေရှိလို့ သူတို့ထက်ပိုပြီး လုပ်ဖို့လွယ်ကူပါတယ်။ ဒီထက် ပိုပြီး အားလုံးကစိတ်တူကိုယ်တူလုပ်သွားကြမယ်ဆိုရင်တော့ ပိုကောင်းလာ မယ်လို့မြင်ပါတယ်။ အထူးသဖြင့် လူငယ်တွေအပိုင်းက ပိုပြီး အရေးကြီးပါတယ်။ စည်းကမ်းကောင်းဖို့၊ ပညာရေးထူးချွန်ဖို့၊ လုပ်ရဲကိုင်ရဲရှိဖို့ လိုအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။ ။

No comments:

Post a Comment