Wednesday, July 1, 2015

အစ္စရေးက ဂျော်ဒန်နှင့် နယ်စပ်တွင် ခြံစည်းရိုးခတ်မည်





The Mirror Daily's photo.
 

ဂျေရုဆလင် ဇွန် ၃ဝ

အစ္စရေးအစိုးရအဖွဲ့က နိုင်ငံ၏အရှေ့ပိုင်း ဂျော်ဒန်နိုင်ငံနယ်စပ် တစ်လျှောက်တွင် ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဇွန် ၂၉ ရက်က ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ခြံစည်းရိုးသည် နိုင်ငံတောင်ဘက်အစွန်ဆုံးရှိ အီလတ်မြို့မှ သတ်မှတ်ထားသော လေဆိပ်အသစ် နေရာထိ ကီလိုမီတာ ၃ဝ ကျော် ရှည်လျားမည်ဖြစ်သည်။

အဆိုပါခြံစည်းရိုးခတ်မည့် အစီအစဉ်ကို ဂျော်ဒန်နိုင်ငံနှင့် ညှိနှိုင်းပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု၏ရုံးမှ ကြေညာချက် ထုတ်ပြန်သည်။

နေတန်ယာဟုက ခြံစည်းရိုးသည် အစ္စရေးနယ်နိမိတ်အတွင်းဘက်သာရှိမည်ဖြစ်ပြီး ဂျော်ဒန်၏ အချုပ်အခြာ အာဏာနှင့် အကျိုးစီးပွားကို ထိခိုက် မည်မဟုတ်ကြောင်း ပြောကြားသည်။ အစ္စရေးနှင့် ဂျော်ဒန်တို့သည် ၁၉၉၄ ခုနှစ်တွင် ငြိမ်းချမ်းရေးသဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြပြီးကတည်းက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းခဲ့သည်။ ပြီးခဲ့သော သုံးနှစ်ကျော်ကာလအတွင်း ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့မှ ဒုက္ခသည်ရာပေါင်းများစွာ ဂျော်ဒန်နိုင်ငံသို့ ထွက်ပြေးလာခဲ့သည့်အတွက် အစ္စရေးလုံခြုံရေးတာဝန်ရှိ သူများက အိုင်အက်စ်စစ်သွေးကြွများ ဂျော်ဒန်မှတစ်ဆင့် နိုင်ငံအတွင်းသို့ စိမ့်ဝင်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။

အစ္စရေးသည် ဆီးရီးယားမှ ပဋိက္ခများ ကူးစက်လာမည်ကို စိုးရိမ်သည့်အတွက် နိုင်ငံ၏မြောက်ဘက် ဂိုလန် ကုန်းမြင့်ဒေသ နယ်စပ်တစ်လျှောက်တွင် ခိုင်မာတောင့်တင်းသည့် ခြံစည်း ရိုးများခတ်ခဲ့သည်။ အစ္စရေးသည် ၂ဝ၁၃ခုနှစ်ကလည်း အာဖရိက ခိုလုံခွင့်တောင်းခံသူများ နိုင်ငံအတွင်းသို့ ဝင်ရောက်လာမည်ကို တားဆီးရန်အတွက် အီဂျစ်နယ်စပ်တစ်လျှောက်တွင် ကီလိုမီတာ ၂၄ဝ ရှည်လျားသော အဆင့်မြင့် ခြံစည်းရိုးများ ခတ်ခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment