Wednesday, July 29, 2015

ကမ္ဘာ့အမြန်ဆုံးအားပြန်သွင်းနိုင်သော လျှပ်စစ်ဘတ်စ်ကား တရုတ်နိုင်ငံတွင် စတင်အသုံးပြု


 
နင်ဘို ဇူလိုင် ၂၈
အားအပြည့်သွင်းရန် ၁ဝ စက္ကန့်မျှသာ ကြာသော ဘက်ထရီဖြင့် မောင်းနှင်သည့်ကမ္ဘာ့အမြန်ဆုံးအားပြန် သွင်းနိုင်သော လျှပ်စစ်ဘတ်စ်ကားများကို တရုတ်နိုင်ငံ နင်ဘိုမြို့၌ ဇူလိုင် ၂၈ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ပြေးဆွဲပြီဖြစ်သည်။
ဘတ်စ်ကားမှာ ရှီကျင်းပြည်နယ် နင်ဘိုမြို့ရှိ မှတ်တိုင် ၂၄ နေရာရှိသော ၁၁ ကီလိုမီတာရှိသည့် လမ်းကြောင်းတစ်ခုကိုပြေးဆွဲခြင်းဖြစ်ကြောင်း ဒေသန္တရ အာဏာပိုင်များကဆိုသည်။ လာမည့်သုံးနှစ်အတွင်း လျှပ်စစ်ဘတ်စ်ကားစက်ရုံတည်ရှိရာ နင်ဘိုမြို့တော်တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် စုစုပေါင်း လျှပ်စစ်ဘတ်စ်ကားအစီးရေ ၁၂ဝဝ အသုံးပြုသွားမည် ဖြစ်သည်။ မြန်နှုန်းမြင့်ရထားထုတ်လုပ်ရေးကုမ္ပဏီ CRRC ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Zhuzhou Electric Locomotive မှ ဥက္ကဋ္ဌဖြစ်သူ ကျိုကျင်ဟီ၏အဆိုအရ လျှပ်စစ်ဘတ်စ်ကားမှာရပ်နားထားစဉ် သို့မဟုတ် ခရီးသည် များ အတင်အချပြုလုပ်စဉ် အားပြန်သွင်းပြီးတစ်ခါအားသွင်းပါက အနည်းဆုံး ၅ ကီလိုမီတာမောင်းနှင်နိုင်စွမ်း ရှိကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့်ဧပြီလက ထုတ်လုပ်မှုစနစ် စတင်ခဲ့သော အဆိုပါလျှပ်စစ်ဘတ်စ်ကားမှာ အခြား လျှပ်စစ်ကားများထက် ၃ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်း ထိ စွမ်းအင်သုံးစွဲမှုသက်သာသည်။ ယင်းလျှပ်စစ် ဘတ်စ်ကားတွင်ပါရှိသော လျှပ်စစ်စွမ်းအင်သိုလှောင်နိုင် သည့် အီလက်ထရွန်နစ်ကိရိယာကို အကြိမ်ရေတစ်သန်း အားသွင်းနိုင်ပြီး ဆယ်နှစ်ကြာအသုံးပြုနိုင်သည်။
ဆင်ဟွာ။

No comments:

Post a Comment