Wednesday, July 29, 2015

ထိုင်းအဲဝေးစ် အလုပ်အကိုင် ၁၄ဝ၁ နေရာ ယခုနှစ်တွင် လျှော့ချရန်စီစဉ်


 
ဗန်ကောက် ဇူလိုင် ၂၈
ထိုင်းအဲဝေးစ်အင်တာနေရှင်နယ် ကုမ္ပဏီသည် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ရပ်ကို အကောင် အထည်ဖော်မည်ဖြစ်ရာ ယခုနှစ်တွင် အလုပ်အကိုင် ၁၄ဝ၁ နေရာကို မိမိသဘောဆန္ဒအရ အငြိမ်းစားယူသည့် နည်းလမ်းမှ တစ်ဆင့်လျှော့ချသွားမည်ဖြစ်ကြောင်း၊ အရှုံးပေါ်နေသည့်လေကြောင်းခရီးစဉ် ပျံသန်းမှုများကိုလည်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ဥက္ကဋ္ဌက ပြောကြားသည်။
နှစ်နှစ်တာ အကောင်အထည်ဖော်မည့် အစီအစဉ်အရ လုပ်ငန်းဆောင်ရွက်မှုစရိတ်စကများနှင့် လုပ်ငန်း ပမာဏတို့ကို ၂ဝရာခိုင်နှုန်းလျှော့ချသွားရန် ထိုင်းအဲဝေးစ် အင်တာနေရှင်နယ်ကုမ္ပဏီက ရည်မှန်းထားသည်။ အဆိုပါ အစီအစဉ်အရ ကုမ္ပဏီ၏ လေယာဉ်များကို ပြန်လည်ရောင်းချခြင်းနှင့် ဝန်ထမ်းအင်အား လျှော့ချခြင်းတို့ပြုလုပ်ရန်လည်း မျှော်မှန်းထားသည်။
ထိုင်းအဲဝေးစ်အင်တာနေရှင်နယ် ကုမ္ပဏီသည် နိုင်ငံတော်က ထိန်းချုပ်သည့်ကုမ္ပဏီအချို့တွင် ပါဝင်ပြီး ၂ဝ၁၄ ခုနှစ် မေလတွင် တပ်မတော်အစိုးရ အာဏာရရှိခဲ့ချိန်နောက်ပိုင်း အစိုးရ၏ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွင် အကျုံးဝင်သည့် ကုမ္ပဏီများတွင် ပါဝင်သည်။
ပြောင်းလဲနေသော အခြေအနေနှင့်အညီ အသုံးစရိတ်ဖြတ်တောက်လျှော့ချခြင်းနှင့် လေကြောင်းခရီးစဉ်များနှင့် ပတ်သက်၍ ပြန်လည်ကိုက်ညှိခြင်းတို့ ပြုလုပ်ရသည်မှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ချာရန်ပေါင် ဂျိုတီကာရှီရာက ပြောကြားသည်။
အဆိုပါ ကုမ္ပဏီသည် အောက်တိုဘာ ၂၅ ရက်မှ စ၍ဗန်ကောက်မြို့မှ လော့စ်အိန်ဂျလိစ်မြို့သို့၊ ဗန်ကောက်မြို့မှ ရောမမြို့သို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းမည်ဖြစ်သည်။
ရိုက်တာ။

No comments:

Post a Comment