Tuesday, July 28, 2015

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးတွဲလုပ်ဆောင်လျက်ရှိသည့် သတင်းဌာနများအတွက် ရွေးကောက်ပွဲသတင်းရယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်




The Mirror Daily's photo.


ရန်ကုန် ဇူလိုင် ၂၇

လာမည့်နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သတင်းရယူကြမည့် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ သတင်းမီဒီယာဌာနများ၊ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပူးတွဲလုပ်ဆောင်လျက်ရှိသည့် သတင်းဌာနများမှ သတင်းမီဒီယာ သမားများအား ပြန်ကြားရေးဝန်ကြီး ဌာနနှင့် DW Akademie တို့ ပူးပေါင်း၍ ရွေးကောက်ပွဲသတင်းရယူ မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၌ ဇူလိုင် ၂၇ ရက်တွင် ကျင်းပသည်။

ရွေးကောက်ပွဲ သတင်းရယူမည့် သတင်းသမားများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)တို့မှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေများ၊ နိုင်ငံတကာဥပဒေများအားသိရှိပြီး ကျင့်ဝတ်နှင့်အညီ သတင်း ရယူနိုင်ရေးအတွက် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးပိုက်ထွေးက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

မြန်မာ့အသံရေဒီယိုမှ သင်တန်းသားတစ်ဦးဖြစ်သူ ဦးမောင်မောင်စုက ''နိုင်ငံရေးပါတီတွေ၊ မဲဆန္ဒရှင် ပြည်သူတွေ၊ တိုင်းဒေသကြီးနဲ့ မြို့နယ်တွေမှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက တာဝန်ရှိသူတွေကို ဘယ်လိုဆက်သွယ်မေးမြန်း ရမယ်ဆိုတဲ့ အသိပညာတွေကိုရရှိခဲ့ ပါတယ်။ ၂ဝ၁၅ မှာ ပွင့်လင်းမြင်သာ စွာနဲ့ သတင်းရယူနိုင်မယ့် အခွင့်အလမ်းတွေရရှိမယ်လို့ ထင်ပါတယ်'' ဟုပြောသည်။

သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ပြီး DW Akademie နှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)၊ Mizzima ၊ ABC ၊ BBC Media Action ၊ IMS နှင့် Internews တို့မှ ပညာရှင်များ ကလည်းပူးတွဲပို့ချမည် ဖြစ်သည်။

မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)မှ အဖွဲ့ဝင် ဦးသီဟစောက ''ဒီသင်တန်းမှာ အဖွဲ့အစည်းပေါင်းစုံ က ပူးတွဲပို့ချတယ်။ နောက်အများစုက လည်း နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ Public Service Media အစုံပါတယ်။ ကျွန်တော့်အမြင်မှာတော့ Broadcast Media သမားတွေ ပိုများတယ်။ သတင်းစာထက်ကို Broadcast က ပျံ့နှံ့မှုပိုများတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကိုယ်ကဘာတာဝန်ကို ဘယ်နေရာကနေ ဘယ်လိုယူရမလဲ ဆိုတာကို ပို့ချပေးမှာဖြစ်တဲ့အတွက် မီဒီယာသမားတွေအတွက်သာမက တိုင်းပြည်အတွက်ပါ အကျိုးရှိမယ်လို့ ထင်ပါတယ်'' ဟု မှတ်ချက်ပေး ပြောကြားသည်။

ရွေးကောက်ပွဲ သတင်းရယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယို၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပုဂံ FM၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ချယ်ရီ FM ၊ မန္တလေး FM ၊ ရွှေသံလွင် မီဒီယာအုပ်စု၊ Forever Group တို့မှ သင်တန်းသား ၂၉ ဦး တက်ရောက်ခဲ့ကြသည်။

DW Akademie သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအားအများ ပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ် ကူးပြောင်းမှုအား ပူးပေါင်းကူညီလျက်ရှိပြီး ကမ္ဘာတစ်ဝန်းတွင် ရွေးကောက်ပွဲနှင့်ဆိုင်သည့် သတင်းထုတ်လွှင့်ရာတွင် အထောက်အကူ ဖြစ်စေမည့် အကူအညီများပေးအပ် လျက်ရှိသည်ဟု DW Akademie မြန်မာနိုင်ငံ၏ ဌာနေကိုယ်စားလှယ် ဖြစ်သည့် Ms. Isabella Kurkowski ထံမှ သိရသည်။

(မြတ်သန္တာမောင်)

No comments:

Post a Comment