သပိတ်ကျင်း ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေး အထောက်ကူပြု ကော်မတီဝင်များ၊ မြို့နယ်အထောက်အကူပြု အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖ တို့ ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်း မြို့နယ် တွင်းငယ်ကျေးရွာအုပ်စု တွင်းငယ်ကျေးရွာနှင့် ကျောက်ဖြူ ကျေးရွာအုပ်စု တောင်လယ်ကျေးရွာတို့တွင် မိုးများရွာသွန်း ခဲ့ပြီး တောင်ကျရေများကျဆင်း၍ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုအပေါ် ဇူလိုင် ၂၆ ရက်က ကူညီ ကယ်ဆယ် ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
အဆိုပါ ဝန်ကြီးနှင့်အဖွဲ့သည် တောင်လယ်ကျေးရွာ အထက(ခွဲ)နှင့် တွင်းငယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် ကျေးရွာရေဘေးသင့် အိမ်ထောင်စု များအား ကယ်ဆယ်ရေး ပစ္စည်းလေးမျိုး၊ ရေဆူဆေးပြား၊ ရေပုံး၊ ရေစစ် များထောက်ပံ့ပေးခဲ့ပြီးအိမ်ထောင်စု ၅၇ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ဝဝဝဝ နှုန်း ထောက်ပံ့ပေး အပ်ခဲ့သည်။
သပိတ်ကျင်း မြို့နယ်တွင် တောင်ကျရေများကျဆင်းမှုကြောင့် မန္တလေး-တကောင်း-ဗန်းမော် ကား လမ်းပေါ်ရှိ ရှားတောတံတားကမ်းကပ်ခုံပျက်စီးခဲ့၍ အမြန်ပြန်လည် မြေဖို့ပြုပြင်ခဲ့ရာ ဇူလိုင် ၂၅ ရက်တွင် ဖြတ်သန်းသွားလာမှုများ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း၊ တွင်းငယ်-မိုးမိတ်လမ်း သပြေချောင်းတံတား ကမ်းကပ်ခုံ ပျက်စီးမှုကို တံတားအထူးအဖွဲ့(၄)မှ ချက်ချင်းပြုပြင်မှုများဆောင်ရွက် ခဲ့ရာ ဇူလိုင် ၂၆ ရက်တွင် ဖြတ်သန်း သွားလာနိုင်ပြီဖြစ်သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ တိုင်း ဒေသကြီး ကြက်ခြေနီဦးစီးပထမတန်း ဦးဘုန်းကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ မိုးကုတ်မြို့နယ် အထောက်အကူပြုအဖွဲ့များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူ များနှင့် ရပ်မိရပ်ဖများ ပူးပေါင်းပါဝင် သော အဖွဲ့သည် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင် မိုးကုတ်မြို့ လီရှောလယ်ဦးအုပ်စု အင်းချောက် ကျေးရွာ အမက(၁ဝ)သို့ ရောက်ရှိပြီး ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးနှင့်အဖွဲ့သည် မိုးကုတ် မြို့နယ် လီရှောလယ်ဦးအုပ်စု အင်းချောက်ကျေးရွာ အမက(၁ဝ) ရှိ ရေဘေးသင့်အိမ်ထောင်စု ၁၆ စုနှင့် မိဂဒါရုံကျောင်းတိုက်ရှိရေဘေးသင့် အိမ်ထောင်စုလေးစုအား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် ၅ဝဝဝဝ၊ ဆန်တစ်အိတ်၊ မီးဖိုချောင်သုံးပစ္စည်း များ၊ ဆေးဝါးများ၊ ခေါက်ဆွဲခြောက် ထုပ်များ ပေးအပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိသပိတ်ကျင်းမြို့နယ်၊ စဥ့်ကူးမြို့နယ်၊ မိုးကုတ်မြို့နယ်များတွင် မိုးများ ရွာသွန်း၍ ပျက်စီးဆုံးရှုံးမှုများမှာ ဇူလိုင် ၂၇ ရက်ထိ လူသေဆုံးမှု ၁၁ ဦး၊ ဒဏ်ရာရရှိမှုခြောက်ဦး၊ နေအိမ် ပြိုကျမှု ၃၂ ခု၊ နေအိမ်ပျက်စီးမှု ၅၈ ခု၊ တံတားရေမျောပျက်စီးမှု ၁၆ ခု၊ တံတားကမ်းကပ်ခုံပျက်စီးမှု နှစ်ခု၊ စာသင်ကျောင်းအုတ်တံတိုင်းပျက်စီးမှုနှစ်ခု၊ တိရစ္ဆာန်ဆုံးရှုံးမှု ၃၁ ခု၊ မိုးစပါး(ပျိုးခင်း) ရေလွှမ်းမိုးမှု ၄၈ ဧက၊ ကျောက်ရိုးပြိုပျက်စီးမှု ခြောက်ခု ရှိသည်။ စဥ့်ကူးမြို့နယ်တွင်လည်း မိုးစပါးရေလွှမ်းမိုးမှု ၄၅၂ ဧကရှိခဲ့ရာမှ ၁၃၇ ဧက ရေပြန်ပေါ်လာခဲ့ရာ ၃၁၅ ဧကသာ ရေလွှမ်းမိုးမှုရှိပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဇင်(မုံရွာ)
No comments:
Post a Comment