Friday, July 31, 2015

ဆိုင်ကလုန်းမုန်တိုင်း "ကိုမန်" ၏ အ၀န်းအ၀ိုင်းအတွင်းသို့ ချင်း၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး တို့ကျရောက်


 နေပြည်တော်  ဇူလိုင်  ၃ဝ

ယနေ့မြန်မာစံတော်ချိန်မွန်းလွဲ ၁ နာရီခွဲ တိုင်းထွက်ချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင် ကလုန်းမုန်တိုင်း''ကိုမန်''သည် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့၏ အရှေ့ တောင်ဘက် မိုင် ၁၅ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၅ဝ ခန့်၊  မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်မြောက်ဘက် ၁ဝ၅ မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက် ဘက် မိုင် ၁၆ဝ ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့် ရှိပြီး                                
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသသို့ ဦးတည်နေသော်လည်း မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့သည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းသို့ကျရောက်နေပါသဖြင့် ဆိုင်ကလုန်း မုန်တိုင်းသက်ရောက်မှုအန္တရာယ်ကို ခံစားရမည်ဖြစ်သည်။

အဆိုပါဆိုင်ကလုန်းမိုင်တိုင်းသည် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တွင် မြောက်လတ္တီကျု  ၂၂  ဒသမ  ဝ  ဒီဂရီနှင့်  အရှေ့လောင်ဂျီကျု  ၉၁ ဒသမ ဝ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၈၆ ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅ဝ နှုန်းဖြစ်သည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့မွန်းလွဲမှနောက် ၁၂ နာရီ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသကို စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ  တဖြည်းဖြည်းအားလျော့သွားမည်ဟု  ခန့်မှန်း ရသည်။

ဆိုင်ကလုန်းမုန်တိုင်းသည်  ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေ ဒေသသို့ ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင်  မိုင်  ၆ဝ မှ မိုင် ၉ဝ အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ  တစ်နာရီလျှင် မိုင် ၅ဝ မှ   မိုင် ၇ဝ အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန် ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅ဝ မှ မိုင် ၆ဝ အထိတိုက်ခတ်နိုင်သည်။

ဆိုင်ကလုန်းမုန်တိုင်းသည်  ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေ ဒေသသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ မောင်တောခရိုင် ကမ်းခြေဒေသတွင် ရှစ်ပေမှ ၁ဝ ပေခန့်အထိနှင့် စစ်တွေခရိုင်ကမ်းခြေဒေသ တွင် ခြောက်ပေမှ ရှစ်ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်မိုးကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်မည် ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊   မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့်မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊    ရုတ်တရက်ရေကြီးခြင်းနှင့်  မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးရှောင်ရှားကြရန် အကြံပြုအပ်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။                                          (မြန်မာ့အလင်း)

No comments:

Post a Comment