Wednesday, July 1, 2015

ရေကြီးနစ်မြုပ်မှုဖြစ်ပွားသည့်ဒေသများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ





The Mirror Daily's photo.
 


နေပြည်တော် ဇွန် ၃ဝ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၆၅) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှပေးပို့သည့် ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်များကို လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည် ဆိုင်ရာသဘောတူစာချုပ် ၁၉၆၆ တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် လွှတ်တော်က အတည်ပြုခြင်း၊ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြားပြီး အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၏ ၂ဝ၁၅ ခုနှစ် ဇွန်လ နောက်ဆုံးပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ကျေးရွာအချို့ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများ မူလအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေးအတွက် ပြည်ထောင်စုအစိုးရမှ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ထိရောက်သည့် ပံ့ပိုးမှု၊ ကာကွယ်မှု၊ ကူညီဆောင်ရွက်မှုများနှင့် ပြုပြင်တည်ဆောက်မှုများ အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက နိုင်ငံတော်အနေဖြင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအစဉ်များ ဆောင်ရွက်ထားရှိမှုနှင့် လက်ရှိရေကြီးနစ်မြုပ်မှုဖြစ်ပွားသည့်ဒေသများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြန်လည်ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအောက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့အား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ စာရင်းပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအဖြစ် ရငွေ၊ သုံးငွေစာရင်းများ ပြောင်းလဲ ပြင်ဆင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ရှင်းလင်းတင်ပြရာ လွှတ်တော်က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အလားတူ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်ရန် လိုအပ်သည့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပြီးစီးမှုနှင့် အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးခင်မောင်အေးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တို့က တင်ပြကြရာ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးကြပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဝက်လက်မဲဆန္ဒနယ်မှ သူရဦးအေးမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၆၂)၊ (၆၃) နှင့်(၆၄)တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂ဝ၃၌ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်သို့ တာဝန်ခံရမည်၊ ဒုတိယသမ္မတများသည် နိုင်ငံတော် သမ္မတအားလည်းကောင်း၊ နိုင်ငံတော် သမ္မတမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်ဟု ပြဋ္ဌာန်းထားသဖြင့် မလိုအပ်တော့သည့်အတွက် ပယ်ဖျက်လိုခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ၂၃၂(ဂ)၏ မူလ ပြဋ္ဌာန်းချက်ကို နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှရရှိသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းတို့ကို စုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ သဘောတူညီချက်ရယူရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းလိုပါကြောင်း ဆွေးနွေးသည်။

ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၁၁ (က)ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အသက်ဝိညာဉ် ဖြစ်ပါကြောင်း၊ ပုဒ်မ-၃ဝ၃ ၌ ပြည်ထောင်စုတရားသူကြီးများ၏ ရာထူးသက်တမ်း ၅ နှစ်၊ ပုဒ်မ-၃၁၂ ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၏ ရာထူးသက်တမ်း ၅ နှစ်ကို ပြန်လည် စဉ်းစားသုံးသပ်သင့်ပါကြောင်း၊ မူလဥပဒေ ပုဒ်မ-၃ဝ၁(က)တွင် ပြည်ထောင်စုတရားသူကြီးများ၏ ရာထူးသက်တမ်းသည် နှစ်ပေါင်း ၂ဝ ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ အဆက်ဆက် ပြောင်းလဲသွားသော်လည်း ၎င်းတို့ကို လွယ်လွယ်ကူကူဖြင့် မပြောင်းလဲ စေခြင်းမှာ တရားစီရင်ရေးကဏ္ဍ မှန်ကန်ဖြောင့်မတ်စေရန်နှင့် ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်ရန် အာဏာ(၃)ရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ တွင် အခြားသောမဏ္ဍိုင်များက တရားစီရင်ရေးမဏ္ဍိုင်ကို ဝင်ရောက် မစွက်ဖက်နိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးမြင့်ထွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတ၊ ဒုတိယသမ္မတများကို လွှတ်တော် ကိုယ်စားလှယ် မဖြစ်စေရဆိုပါက လွှတ်တော်နှင့် ကင်းကွာသွားမည့်အပြင် လွှတ်တော်လာရန် မလိုသည့် သဘောလည်း ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ပုဒ်မ(၆၄)ကို ပြင်ဆင်ရာတွင် ပြည်သူ့အရေးထက် ပါတီကိစ္စကို တစိုက်မတ်မတ် အာရုံစိုက် ခြင်းမျိုး မဖြစ်ရန် ထိန်းပေးမည့် တားမြစ်ချက်တစ်ခုကို ဥပဒေတွင် ထည့်ပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥတ္တရသီရိမဲဆန္ဒနယ်မှ ဦးမင်းသူ၊ မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း၊ နွားထိုးကြီး မဲဆန္ဒနယ်မှဦးပေါခင်၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးသန်းဝင်း၊ ချင်း ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျွန်ခဲန်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဗိုလ်မှူးကြီးခင်မောင်ထွန်းနှင့် ဗိုလ်မှူးကြီးမြင့်ဟန်တို့က ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment