Wednesday, July 29, 2015

ဟန်ဂေရီဂရင်းပရီ ရလဒ်အတွက် လူးဝစ်ဟာမီလ်တန်တောင်းပန်


 
ဖော်မြူလာဝမ်းကားမောင်းသမား လူးဝစ်ဟာမီလ်တန်က ဟန်ဂေရီဂရင်းပရီတွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အတွက် မာစီဒီးစ် အသင်းမှ တာဝန်ရှိသူများအားလုံးကိုတောင်းပန်ကြောင်းဆိုခဲ့သော်လည်း မာစီဒီးစ်အကြီးအကဲ တိုတိုဝုဖ်က ယင်းဂရင်းပရီမှာ မာစီဒီးစ် အသင်းအတွက်''ကြောက်လန့်ဖွယ် အိပ်မက်ဆိုး'' တစ်ခုဟု ကင်ပွန်းတပ်ခဲ့သည်။
ဟာမီလ်တန်သည် ယင်းပွဲတွင် စတင်တာထွက်ကတည်းကပင် အမှားအယွင်းများရှိခဲ့ပြီး ကျောက်စရစ်ခယောင်းလမ်းထောင်ချောက် ကို ဖြတ်သန်းရာ၌ အမှားအယွင်းများပိုမိုများပြားလာကာ အဆင့်(၁၁)အထိကျဆင်းခဲ့သည်။ သို့သော်¤င်းမှာ အတွေ့အကြုံကြွယ်ဝသည့် ကစားသမားဖြစ်သည့်အလျောက် နောက်တစ်ကျော့ပြန်လည် စတင်ချိန်၌ အစောပိုင်းက စွမ်းဆောင်ရည်ကျဆင်းမှုကို ပြန်လည် ချေဖျက်နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် အဆင့်(၆)နေရာဖြင့်သာ အဆုံးသတ်ခဲ့သည်။
ဟာမီလ်တန်က ''ဒီပွဲက ကျွန်တော့်ဘဝမှာအဆိုးဆုံးပွဲထဲက တစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်မှားခဲ့တဲ့အမှားက အသင်းကို ထိခိုက်စေခဲ့တဲ့ အတွက် အသင်းတာဝန်ရှိသူတွေကို တောင်းပန်ပါတယ်။ ဒီအတွက် လည်းတကယ့်ကို နာကျင်ခံစားရပါတယ်'' ဟု ပွဲအပြီးတွင် ပြောကြား ခဲ့သည်။
ဟာမီလ်တန်သည် ဟန်ဂေရီဂရင်းပရီမယှဉ်ပြိုင်မီ နာမည်ကြီးပေါ့ပ် အဆိုတော် ရီဟားနားနှင့်တိတ်တဆိတ်သွားရောက်ချိန်းဆိုခဲ့ကြ၍ ယင်းကဲ့သို့ရလဒ်များဆိုးရွားခဲ့ခြင်းဖြစ်သည်ဟု ဘီဘီစီကဖော်ပြခဲ့သည်။
သို့သော် ဟာမီလ်တန်မှာ ဟန်ဂေရီဂရင်းပရီတွင်သာ အဆင့်(၆)နေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်သော်လည်း ဖော်မြူလာဝမ်းဂရင်းပရီပြိုင်ပွဲ အရပ်ရပ်တွင် စုစုပေါင်းရမှတ်၂ဝ၂မှတ်ဖြင့် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်နေဆဲဖြစ်သည်။ ဟန်ဂေရီဂရင်းပရီတွင် ဖာရာရီအသင်းမှ ဂျာမနီနိုင်ငံသား ဗက်တယ်လ်က အဆင့်(၁)နေရာဖြင့် ပန်းဝင်ခဲ့ သည်။
မေလဲ့သင်း

No comments:

Post a Comment