Wednesday, July 29, 2015

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒီဒီယာဒရော့ဘာ မေဂျာလိဂ်ကလပ် မွန်ထရီရယ်အင်ပက်သို့ ပြောင်းရွှေ့


 
ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒီဒီယာဒရော့ဘာသည် မေဂျာလိဂ်ကလပ် မွန်ထရီရယ် အင်ပက်အသင်းသို့ တစ်နှစ်ခွဲသက်တမ်းရှိစာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သည်။
အသက်(၃၇)နှစ်အရွယ်ရှိ တိုက်စစ်မှူးဒရော့ဘာသည် ချယ်လ်ဆီးအသင်းနှင့်အတူ ပွဲပေါင်း ၃၈၁ ပွဲပါဝင်ကစားပေးခဲ့ပြီး ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီး အသင်းမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ တိုက်စစ်မှူးဒရော့ဘာသည် ချယ်လ်ဆီးအသင်းတွင် ကစားစဉ် ပရီမီယာလိဂ်ဖလားလေးကြိမ်ဆွတ်ခူးပေးနိုင်ခဲ့သည်။
တိုက်စစ်မှူး ဒရော့ဘာသည် အိုင်ဗရီကို့စ်အသင်းအတွက် ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ် ပြီး အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းတွင် ပွဲပေါင်း ၁ဝ၅ ပွဲပါဝင်ကစားပေးခဲ့ကာ သွင်းဂိုး ၆၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။ တိုက်စစ်မှူး ဒရော့ဘာ၏ ချယ်လ်ဆီးကစားဖော်ဟောင်း ကွင်းလယ်ကစားသမား လမ်းပတ်သည်လည်း မေဂျာလိဂ် ကလပ်နယူးယောက်စီးတီးအသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီးဖြစ်သည်။
ဒရော့ဘာသည် တူရကီကလပ် ဂါလာတာစာရေးအသင်း၊ ပြင်သစ်ကလပ် မာဆေးအသင်း နှင့် တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာ အသင်းတို့တွင်လည်း သွားရောက်ကစားခဲ့သူဖြစ်ပြီး မာဆေးလ်အသင်းတွင် ပွဲပေါင်း ၃၅ ပွဲ၊ ရှန်ဟိုင်းရှင်ဟွာအသင်းတွင် ပွဲပေါင်း ၁၁ ပွဲ၊ ဂါလာတာ စာရေးအသင်းတွင် ပွဲပေါင်း ၃၇ ပွဲပါဝင်ကစားပေးခဲ့သည်။ ပြီးခဲ့သည့် ဘောလုံးရာသီအကုန်တွင် ချယ်လ်ဆီးအသင်းမှ ထွက်ခွာကာ ယခုအခါမေဂျာလိဂ်ကလပ် မွန်ထရီရယ်အင်ပက်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment