Thursday, July 30, 2015

ကုန်းလမ်းပို့ဆောင်ရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ရေယာဉ်စီးခရီးသည်များ ပိုမိုလျော့နည်းလာ





The Mirror Daily's photo.
 


ရန်ကုန် ဇူလိုင် ၂၉

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ လက်ရှိပြေးဆွဲ လျက်ရှိသော ရေယာဉ်ခရီးလမ်းမှာ ကုန်းလမ်းပို့ဆောင်ရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ရေယာဉ်စီးခရီးသည်များ ပိုမိုလျော့နည်းလာလျက်ရှိသော်လည်း ဒေသခံပြည်သူများ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုအဆင်ပြေစေရန်အတွက် ဆက်လက်ပြေးဆွဲပေးလျက်ရှိသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ် ဌာနခွဲမှ မန်နေဂျာ ဦးတူးလွန်က ''ခရီးသည်တွေရဲ့ ဆန္ဒက အမြန်လိုချင်ကြပါတယ်။ ကျွန်တော်တို့ သင်္ဘောနဲ့သွားရင် ခရီးသည်တွေညအိပ်ရမယ်။ အဲဒီတော့ ခရီးသည်တွေဟာ ကုန်းလမ်းက ကားတွေကို ပိုမိုအသုံး ပြုလာကြတာပါ။ တကယ်တမ်း ကားလမ်းနဲ့ သိပ်အဆင် မပြေသေးတဲ့ မော်ကျွန်းနဲ့ ဘိုကလေးခရီးစဉ်လောက်ပဲ သင်္ဘောစီးကြတာများပါတယ်။ ကျန်တဲ့ခရီးစဉ်လိုင်း တွေမှာဆို မရှိသလောက်ကို ဖြစ်နေပါပြီ။ ပုသိမ်ခရီးစဉ်ဆို ညအိပ်ခရီးစဉ်ဆိုတော့ ခုဆို ခရီးသည်များ လုံးဝမရှိတော့ သလောက်ဖြစ်နေပါပြီ။ ဒီပုသိမ်ခရီး စဉ်ဆို ပုဂ္ဂလိက ရေယာဉ်လိုင်းလည်း မပြေးဆွဲနိုင်ဘူး။ ကျွန်တော်တို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက လည်းမပြေးဆွဲနိုင်တော့ပါဘူး။ခရီးသည်တွေက အဝေးပြေးကားတွေကိုသာ ပိုမိုအသုံးပြုစီးနေကြပါတယ်။ ကုန်းလမ်းကကျတော့ ရန်ကုန်-ပုသိမ် လမ်းကို လေးနာရီပဲကြာတာလေ။နေ့ ချင်းလည်းပြန်လို့ရတာပေါ့။ ဒါကြောင့် ရေယာဉ်စီးခရီးသည် လျော့နည်းလာ ရတာပါ'' ဟုရှင်းပြသည်။

အဆိုပါ ရန်ကုန်-ပုသိမ်ခရီးလမ်းကို စီးနင်းသူဦးရေလွန်စွာနည်းပါးလာ ခဲ့ခြင်းကြောင့် ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ရပ်နားခဲ့ရ ခြင်းဖြစ်ပြီး မန္တလေးအခြေပြုပြေးဆွဲလျက်ရှိသော ဧရာဝတီဌာနခွဲ၊ ရခိုင်ပြည်နယ်တွင် ရခိုင်ဌာနခွဲ၊ သံလွင်ဌာနခွဲ၊ ရန်ကုန်အခြေပြု မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ ချင်းတွင်းဌာန ခွဲတို့ဖြင့် ဌာနခွဲ ငါးခုရှိနေကြောင်းနှင့် ရန်ကုန်အခြေပြု မြစ်ဝကျွန်းပေါ်ဌာနခွဲတွင် ရန်ကုန်-မော်ကျွန်း ၊ရန်ကုန်-ဖျာပုံ၊ ရန်ကုန်-ကျုံမငေး၊ရန်ကုန်-မြောင်းမြ၊ရန်ကုန်-လပွတ္တာ၊ရန်ကုန်-ကြာကန်တို့ဖြင့် ရေယာဉ်ခရီးစဉ်များကို သတ်မှတ်ရက်အလိုက်လက်ရှိ ပြေးဆွဲလျက်ရှိသည်။

''မိုးတွင်းကာလခရီးသည်နည်းသွားတယ်ဆိုပေမယ့်ပုံမှန်ပြောလို့မရပါဘူး။ ပွင့်လင်းရာသီဆိုလည်းခရီးသည်က များတတ်ပါတယ်။ ဒါပေမယ့် ဟိုတုန်းကထက်စာရင်ခရီးသည်စီး နင်းသူဦးရေ လွန်စွာလျော့နည်းခဲ့ပါ တယ်။ တံတားတွေထိုး၊ကားလမ်းတွေ ကောင်းလာတဲ့အခါမှာ ခရီးသည်များ စတင်လျော့နည်းခဲ့တာပါ။ ဒီလိုရေ ယာဉ်စီးခရီးသည်တွေလျော့နည်းလာ ရတာကလည်း ဧရာဝတီတိုင်းဒေသကြီးရဲ့ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုး လာတာကိုပြလိုက်တာပါပဲ။ လမ်းပန်း ဆက်သွယ်ရေးကောင်းလာတော့အဝေးပြေးကားတွေ ခေါက်ရေများလာတယ်။ အဲဒီတော့ အဝေးပြေးကားစီးတဲ့ ခရီးသည်ပိုများလာရတာပါ''ဟုဆိုသည်။

အဆိုပါ ရန်ကုန်အခြေပြု မြစ်ဝကျွန်းပေါ်ဌာနခွဲမှာ ပြီးခဲ့သည့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်မှစ၍ ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် စတင်လည်ပတ်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ရေယာဉ်စီး ခရီးသည်များအတွက် ဝန်ဆောင်မှု အပိုင်းများကိုလည်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (DMA) ၏မူအရ ခရီးသည်များ အန္တရာယ်ကင်းရှင်းရေးအတွက် သင်္ဘောတစ်စင်းအတွင်းထားရှိရမည့် အသက်ကယ်ဝတ်စုံပစ္စည်းများ ပြည့်စုံစွာ စီမံဆောင်ရွက်ထားရှိပေးထားသည့်အပြင် နောက်ထပ်ငါးရာခိုင် နှုန်းအပိုဆောင်းဆောင်ရွက်ပေးထားကြောင်း သိရသည်။

ထို့အပြင် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကို ကော်ပိုရေးရှင်းအသွင် ပြောင်းလဲဆောင်ရွက်သွားရန်ရှိကြောင်းနှင့် ရန်ကုန်အခြေပြု မြစ်ဝကျွန်းပေါ်ဌာနခွဲမှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေ ကျပ်သန်းပေါင်း ၂၇၆၇ သန်းရရှိခဲ့ပြီး လက်ရှိ ရန်ကုန်အခြေပြု မြစ်ဝကျွန်း ပေါ်ဌာနခွဲ၏ ရေယာဉ်ခရီးလမ်းနှင့် ခရီးသည်ကူးတို့ လမ်းများတွင် သင်္ဘောစင်းရေ ၃ဝ ဖြင့် ပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်အခြေပြု မြစ်ဝကျွန်းပေါ်ဌာနခွဲမှသိရသည်။
စိုးဝင်း(MLA)

No comments:

Post a Comment