သတင်းဆောင်းပါး - သီသီမင်း
ဓာတ်ပုံ - Facebook
အသက် ၄ဝ ကျော်အရွယ် အသားညိုညို အရပ် ခပ်မြင့်မြင့် အမျိုးသမီးတစ်ယောက်၊ သူ၏ မျက်လုံးများက တောက်ပနေပြီး တတ်ကြွစွာလှုပ်ရှားနေသည့် ဟန်ပန်တွေက HIV ဝေဒနာရှင်လို့ မထင်ရလောက်အောင် လန်းဆန်းတတ်ကြွနေသည်။ မေးမြန်းလာသည့် မေးခွန်းများကို မနားတမ်းဖြေပေးနေသည့်သူ။ သူနှင့်အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုကပြုလုပ်သည့် HIV ပညာပေးဆွေးနွေးဟောပြောပွဲတစ်ခုတွင် ဆုံဖြစ်ခဲ့ခြင်းဖြစ်သည်။
သူ၏နာမည်က ခရေ။
HIV ဆိုင်ရာပညာပေးဟောပြောပွဲများတွင် ''ကျွန်မ က HIV ဝေဒနာရှင်ပါ။ အေအာရ်တီသောက်ပြီး အခုလို ကျန်းကျန်းမာမာနေနိုင်တာပါ''လို့ ပွင့်လင်းရဲတင်းစွာ ပြောပြရဲတဲ့သူမ၊ ART သောက်ဖို့ ဘဝတူတွေကို စည်းရုံး သိမ်းသွင်းကျန်းမာရေးအသိပညာပေးနေတဲ့သူ၊ ဟောပြော ပွဲတွေမှာ အထင်သေး အမြင်သေးဆက်ဆံခံရမှုတွေကို ရင်နင့်အောင်ခံစားခဲ့ရပေမယ့် အပြုံးမပျက် အတွေ့အကြုံ တွေ မျှဝေပေးနေသူ။
''တစ်ခါတလေဆို HIV ဟောပြောပွဲတွေမှာ အမျိုးသားအချို့က ကျွန်မကို လှောင်သလို ဆက်ဆံကြတယ်။အထူးသဖြင့် လိင်နဲ့ဆိုင်တဲ့အတွေ့အကြုံတွေကိုပြောပြတဲ့ အခါပါ။ လိင်ဆက်ဆံရင် ကွန်ဒုံးသုံးဖို့နဲ့ ကူးစက်နိုင်ခြေ အများဆုံးရှိနိုင်တဲ့အခြေအနေတွေကို အတွေ့အကြုံတွေနဲ့ ယှဉ်ပြီးပြောတဲ့အခါ ပြည့်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ကျွန်မရဲ့ စကားက အလေးထားစရာ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မစိတ်မပျက်ပါဘူး''ဟု NGO အဖွဲ့အစည်းတစ်ခုတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် ခရေကဆိုသည်။
ဖခင်ကွယ်လွန်သည့် အချိန်ကစ၍ အကြီးဆုံးသမီး ဖြစ်သည့် ခရေက မိသားစု ငါးယောက်စားဝတ်နေရေးအတွက် မိခင်နှင့်အတူ ဘဝကိုရုန်းကန်တိုက်ပွဲဝင်ခဲ့သူ။ လားရှိုးမြို့ကနေ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာခဲ့တဲ့ခရေတို့ မိသားစု။ ခရေ (၁၆)နှစ်အရွယ်ကတည်းက မိသားစုအတွက် အလုပ်မျိုးစုံလုပ်ကိုင်ရင်း ငွေရှာပေးခဲ့သူ။
''ဆီးသီးထုပ်တယ်။ အထည်ချုပ်စက်ရုံတွေမှာ လုပ်တယ်။ဘက်ထရီစက်ရုံမှာလုပ်ဖူးတယ်။ အလုပ်တော်တော်များများ လုပ်ဖူးတယ်။ တဖြည်းဖြည်းနဲ့ မောင်နှမတွေရဲ့ ကျောင်းစရိတ်နဲ့ မိသားစုစားစရိတ်ကမလောက်တော့ဘူး။ ရတဲ့လုပ်ခတွေက နည်းတယ်လေ''ဟု နာမည်က ကဗျာဆန်ခဲ့ပေမယ့် ဘဝကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရပြီး HIV ဝေဒနာကိုပါ ခါးသီးစွာ ခံစားနေရသည့် ခရေကဘဝ နောက်ကြောင်းကို ပြန်ပြောင်းပြောပြသည်။
ထိုစဉ်က ခရေ၏အသက်(၂ဝ)ဝန်းကျင်ခန့်သာရှိသေးပြီး အမျိုးသမီးတစ်ဦး၏ စည်းရုံးခေါ်ဆောင်မှုကြောင့် ကော့သောင်းမြို့ရှိ သင်္ဘောပေါ်တွင် ဈေးရောင်းရမည်ဆို၍ လိုက်ခဲ့မိသည်က ၎င်း၏ဘဝကို ကံဆိုးခဲ့ရသော အချိန်တွေ ဖြစ်ခဲ့ရသည်ဟု ကြေကွဲဆို့နစ်စွာ ၎င်းကပြောပြသည်။
''ခေါ်လာတုန်းက အရောင်းအဝယ်လုပ်ဖို့။ ဒီလည်း ရောက်ရော ယောက်ျားတွေကို ဖျော်ဖြေရသော လိင်အလုပ် သမဖြစ်ခဲ့ရတယ်။ အမေ့ကိုလည်း ပြန်မပြောတော့ပါဘူး။ ဒီဘဝနဲ့ပဲ မိသားစု ငါးယောက်ကို ထောက်ပံ့ခဲ့တယ်။အမေကတော့ အရောင်းအဝယ်အလုပ်လို့ပဲ ထင်နေခဲ့တယ်။''
''တစ်ခေတ်တစ်ခါက မြိတ်နဲ့ ကော့သောင်းဒေသဘက်တွေမှာ ကုန်ပစ္စည်းတွေကို သယ်ဆောင်ရောင်းချတဲ့ မှောင်ခိုဈေးကွက်နဲ့အတူ သင်္ဘောပေါ်တွေမှာ ပြည့်တန်ဆာလုပ်ငန်းတွေကလည်း ခေတ်ကောင်းတစ်ခုဖြစ်ခဲ့ပြီး အခုတော့ ဒီလိုမျိုးတွေမရှိတော့ဘူး''လို့ ခရေကပြောပြသည်။
''ဟိုတုန်းက ပင်လယ်ဘက်တွေမှာ မှောင်ခိုကူးတဲ့ ခေတ်လေ။ အရင်တုန်းက ခေတ်ရှိတာ။ အခုအဲဒီခေတ်မရှိ တော့ဘူး။ သင်္ဘောတွေပေါ်တက်ရတာ။ အဲလိုမျိုးလုပ်နေ ရင်းနဲ့ ကျွန်မ ကြာတော့မလုပ်ချင်တော့ဘူး။ ဒါကြောင့် ကျွန်မ အိမ်ထောင်ပြုပြီး ဘဝသစ်တစ်ခုကိုစဖို့ ဆုံးဖြတ်ခဲ့တာပါ။''
ခရေအိမ်ထောင်ကျပြီး မကြာမီမှာပဲ ခင်ပွန်းသည်နှင့် လမ်းခွဲဖြစ်ခဲ့ကြောင်း၊ သားလေးတစ်ယောက်ရရှိနေပြီဖြစ်သည့် ခရေအတွက် စားဝတ်နေရေးဖြေရှင်းရန် ငွေရလွယ်သည့် အလုပ်ကို ဆက်လုပ်ကိုင်မိရာက HIV ပိုး စတင်ကူးစက်ခံခဲ့ ရကြောင်း ၂ဝဝ၃ ခုနှစ်ကာလများဆီက ၎င်း၏ အဖြစ်အပျက်ကို ပြောပြသည်။
''အဲဒီတုန်းက သွေးစစ်ကြည့်လိုက်လို့သိရတာ နှစ်သိမ့်ဆွေးနွေးမှုတွေ ကောင်းကောင်းမရခဲ့ဘူး။ မရခဲ့တော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိအောင် လုပ်တာ။ နောက်ပိုင်း NGO အဖွဲ့တစ်ခုနဲ့ချိတ်မိပြီး သူတို့ ရဲ့ နှစ်သိမ့်အားပေးမှုနဲ့အတူ ဘဝတူတွေကို ကျန်းမာရေး အသိပညာပေးမယ်ဆိုပြီး ဒီအဖွဲ့အစည်းမှာ အလုပ်ဝင်လုပ် ဖြစ်တာ''။
ကမ္ဘာပေါ်တွင် ဆေးသုံးမျိုးစပ်ပါဝင်သည့် HIV ကူးစက်ခံရသည့် လူနာများအတွက်ဆေးကုသပေးသည့် (ART) ဆေးပေါင်းကုထုံးကို ၁၉၉၆ခုနှစ်ကစ၍ အသုံးပြု ခဲ့ပြီး မြန်မာနိုင်ငံတွင် ၂ဝဝ၅ ခုနှစ်မှစတင်အသုံးပြု ကုသ ပေးနိုင်ခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုခံအားကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာမျိုးသန့် ၏ ပြောပြချက်အရသိရသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်မှစ၍ HIV ကူးစက်မှုတားဆီး ရေးကို ကျယ်ပြန့်ထိရောက်စွာ လုပ်ကိုင်နိုင်ခဲ့သော်လည်း HIV ကူးစက်မှုမှာ ကမ္ဘာနှင့်အဝှမ်းရှိ လူထုကို ခြိမ်းခြောက် နေသော အဓိက ရောဂါတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ် သည်။ ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ ခန့်မှန်းခြေ လူဦးရေ ၃၅ သန်းတွင် HIV နှင့် နေထိုင်ကြပြီး ၁ ဒသမ ၅ သန်း မှာ AIDS နှင့် ဆက်နွှယ်သောရောဂါများဖြင့် သေဆုံးခဲ့ရကြောင်း UNAIDS ၏ စစ်တမ်းများအရသိရသည်။
''HIVက ပြည့်တန်ဆာတွေမှာသာရှိတယ်လို့ ထင်နေကြတယ်။ လိင်အပျော်အပါးလိုက်စားမှုကြောင့် ကူးစက်နိုင်သလို အခြေအနေအကြောင်း အမျိုးမျိုးကြောင့်လည်း ကူးစက်နိုင်ပါတယ်။ လူတစ်ယောက် သာမန်နေထိုင်ရုံနေ ရင်းနဲ့ ကူးစက်သွားတဲ့သူတွေ လည်းရှိပါတယ်။ ရောဂါမဖြစ်အောင် သတိနဲ့နေထိုင်ရင်တော့အကောင်းဆုံးပါ။ အဓိကက သွေးစစ်ပါ။ရောဂါရှိတာသိရင် ဆေးကုပါ။ နှစ်သိမ့် ဆွေးနွေးမှုခံယူပါ။ဆေးသောက်ပါ။ လူ့သက်တမ်းစေ့နေနိုင်ပါတယ်'' ဟု NGO အဖွဲ့အစည်းတစ်ခုမှ ဒေါက်တာစစ်နိုင် က ပြောသည်။
မြန်မာနိုင်ငံတွင် လူဦးရေ၏ အသက်(၁၅)နှစ်နှင့် အထက် လူကြီးပိုင်းတွင် HIV ဖြစ်ပွားမှုနှုန်းမှာ သုည ဒသမ ၅၄ ရာခိုင်နှုန်းသာရှိသဖြင့် နည်းသည်ဟုဆိုနိုင် သော်လည်း ၂ဝ၁၄ ခုနှစ်တွင် မူးယစ်ဆေးသုံးစွဲသူများ ဆေးထိုးအပ်မှတစ်ဆင့် ကူးစက်မှု ၂၃ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်ဆက်ဆံသူများနှင့် ဆန့်ကျင်ဘက်လိင်ပြောင်းလဲ နေထိုင်သူများတွင် ၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် အမျိုးသမီး လိင်လုပ်သားများတွင် ၆ ဒသမ ၃ ရာခိုင်နှုန်းခန့် HIV ဖြစ်ပွားလျက်ရှိကြောင်းနှင့် ထိုသူတို့အပေါ်လူထု၏ ခွဲခြား ဆက်ဆံမှုနှင့် အထင်သေးရှုတ်ချမှုများကြောင့် HIV ကုသရေးအစီအစဉ်များကို လက်လှမ်းမီ အသုံးချနိုင်ရန် ခက်ခဲသော အခြေအနေတစ်ရပ်ဖြစ်နေကြောင်း UNAIDS ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။
''ခွဲခြားဆက်ဆံမှုလေးတွေရှိနေသေးတယ်လေ။ ဒီတော့ HIV ဖြစ်နေတဲ့သူတွေကို ART ဆေးမှန်မှန်သောက်ဖို့၊ သွေးစစ်ဖို့၊ အကာအကွယ်မဲ့ လိင်မဆက်ဆံမိစေဖို့နဲ့ စိတ်ဓာတ်မကျဖို့ အားပေးနှစ်သိမ့်မှုတွေလုပ်တဲ့အခါ ဘဝတူချင်းဆွေးနွေးတာက ပိုထိရောက်တာတွေ့ရတယ်။ နောက်ပြီးဆန္ဒရှိရင် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ပေးတဲ့ အဖွဲ့အစည်းတွေ ဥပမာပြောရရင် တော်ဝင်ခရေလို အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးပါတယ်။ အခုဆို အလှပြင်ဆိုင်လို၊ စက်ချုပ်လုပ်ငန်းတွေလို နေရာတွေမှာ အလုပ်ဝင်တဲ့ လူတွေလည်းရှိနေပါပြီ'' ဟု ခရေက ပြောသည်။
မြန်မာနိုင်ငံသည် အာရှတွင် HIV ကူးစက်မှုဒဏ်ကို အပြင်းအထန်ဆုံးခံစားနေရသော နိုင်ငံများတွင် ပါဝင်သည်။၂ဝ၁၄ ခုနှစ် စစ်တမ်းများအရ HIV ဝေဒနာရှင်ပေါင်း နှစ်သိန်းကျော်ရှိပြီး ART ဆေးသောက်သုံးနေသူ ၈ဝဝဝဝ ကျော်ရှိကြောင်းနှင့် ဆေးသောက်သုံးရန် လိုအပ်နေသည့် လူနာပေါင်း ၁၂ဝဝဝဝ ကျော်ခန့်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုခံအားကျ/ကာလသား ရောဂါတိုက်ဖျက်ရေးအဖွဲ့မှ သိရသည်။
''ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျန်းမာရေးအသုံး စရိတ်ကို အရင်ကထက် အဆပါင်းများစွာ တိုးချဲ့ချထားပေး လျက်ရှိပါတယ်။တစ်နိုင်ငံလုံးဆိုရင် ART ဆေးပေးတဲ့ လူနာပေါင်း ၈ဝဝဝဝ ကျော်ကို စဉ်ဆက်မပျက်ဆေးဝါး ကုသပေးနိုင်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်မှာလည်း ထပ်ပြီးတိုးချဲ့ပေး သွားဖို့ အစီအစဉ်တွေရှိပါတယ်။ ART ဆေးလိုအပ်နေတဲ့ လူတွေရဲ့ ၉၅ ရာခိုင်နှုန်းကျော်ထိအောင် ဆေးဝါးရရှိဖို့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စီစဉ်ဆောင်ရွက်နေပါ တယ်'' ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုခံအားကျ/ ကာလသား ရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာမျိုးသန့် က ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးတွင် HIV ဝေဒနာရှင်များအတွက် ART ဆေးပေးသည့်စင်တာများထားရှိကြောင်း၊ ဝေးလံသော အရပ်ဒေသများတွင် ထပ်မံတိုးချဲ့ဆောင်ရွက်သွားရန် အစီအစဉ်များဆောင်ရွက်နေကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင်လည်း အထူးကုဆေးရုံကြီးများ၊ အထွေထွေ ရောဂါကုဆေးရုံကြီးများနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဝင်း ခုခံအားကျ/ကာလသားတိုက်ဖျက်ရေးအဖွဲ့ တို့တွင် နှစ်သိမ့်ဆွေးနွေးခြင်း၊ ဆေးဝါးအခမဲ့ပေးခြင်းနှင့် HIV ပိုး ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးနေကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ သိရသည်။
''ART ဆေးကိုတော့ ဂရုစိုက်သောက်ရပါမယ်။အချိန်မှန်သတိထားပြီးသောက်ပါ။ ဆေးတစ်ရက်မှပျက်လို့ မရပါဘူး။ တစ်သက်လုံးသောက်ရမှာဖြစ်ပါတယ်။ကျန်းမာရေးဌာနအနေနဲ့ရော အစိုးရမဟုတ်တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကပါ ဆေးရရှိအောင်ဆောင်ရွက်ပေး နေတာဖြစ်တဲ့အတွက် ရောက်ရှိရာ လက်လှမ်းမီရာနေရာ တွေမှာ ဆက်သွယ်ပြီး ဆေးရယူနိုင်ပါပြီ။နိုင်ငံတော်ကလည်း ကျန်းမာရေးကဏ္ဍမှာ တော်တော်လေး အကုန်ကျခံ သုံးစွဲနေတာကို တွေ့ရမှာပါ။ ဆေးရရှိရေးအတွက်အများ ကြီးပူစရာမလိုလောက်ပါဘူး။ ကျန်တာတွေဦးစားမပေးရင် တောင် ARTဆေးရရှိရေးကိုတော့ ဦးစားပေးမှာပါ'' ဟု ဒေါက်တာစစ်နိုင်က သုံးသပ်ပြောကြားသည်။
ART ဆေးသောက်ရင်းအသက်ရှင်သန်နေရတဲ့ခရေ။ လူမှုရေးအဖွဲ့အစည်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ရင်း မနက်ဖြန်များစွာအတွက် မျှော်လင့်ချက် တွေ တစ်ပွေ့တစ်ပိုက်နဲ့အနာဂတ်ကို မရဲတရဲပုံဖော်နေတဲ့ ခရေ၊ သားလေးတစ်ယောက်နဲ့အတူ HIV ဝေဒနာရှင် တစ်ယောက်ဖြစ်ပေမယ့် စိတ်ဓာတ်မကျဘဲ ဘဝကို ရဲရဲ ဝင့်ဝင့်ရင်ဆိုင်နေတဲ့ ခရေက ''ဒီနှစ် ကျွန်မသားလေး ၁ဝ တန်းအောင်တယ်လေ။ ကျွန်မအခုလို လူမှုအကျိုးပြု လုပ်ငန်းတွေမှာ လူကောင်းတစ်ယောက်လို တက်ကြွစွာ ပါဝင်နိုင်ဖို့နဲ့ လူ့သက်တမ်းစေ့နေနိုင်ဖို့ဆိုတာက စဉ်ဆက် မပြတ် ARTဆေးရရှိမှုပေါ်မှာမူတည်နေတယ်''ဟု ဆိုသည်။
No comments:
Post a Comment