နေပြည်တော် ဇူလိုင် ၂၈
တတိယအကြိမ်မြောက် ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (3rd CLMV)ခရီးသွားလုပ်ငန်းဝန်ကြီး များ အစည်းအဝေးနှင့် ခရီးသွား လုပ်ငန်းအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်း မှစတင်၍ နေပြည်တော်ရှိ The Royal ACE Hotel ၌ ကျင်းပ သည်။
3rd CLMV ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ကျင်းပရာ ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီး များ တက်ရောက်ခဲ့ကြပြီး မြန်မာ နိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က သဘာပတိ အဖြစ်ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့် အမှာစကားပြောကြားရာတွင် ခရီး သွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးနှင့် အကြီးမားဆုံး ဖွံ့ဖြိုးတိုးတက်လာသော လုပ်ငန်း တစ်ခုဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ များနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေရရှိမှုကို အထောက်အပံ့ပေး နေသော အရင်းအမြစ်တစ်ခုဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်း သည် လူမှုဘဝမြှင့်တင်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းစဉ် အတွက် ထိရောက်သောလုပ်ငန်း တစ်ခုဖြစ်ပြီး လူတန်းစားအားလုံး အတွက် အဓိကကျသော စီးပွားရေး မောင်းနှင်အားတစ်ရပ် ဖြစ်ပါ ကြောင်း။
နေပြည်တော်တွင် ကျင်းပခဲ့ သော 7th CLMV Summit နှင့် 6th ACEMECS Summit တို့မှ ထုတ်ပြန်ထားသော ကြေညာချက် တွင် ဦးစားပေး ပူးပေါင်းဆောင်ရွက် ရမည့်ကဏ္ဍများအဖြစ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ် စသည့် ကဏ္ဍ(၈)ရပ်ကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့ မှ နိုင်ငံအကြီးအကဲများက အတည်ပြု ခဲ့ပြီးဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် CLMV ခရီးစဉ် ဒေသသည် ကမ္ဘာပေါ်ရှိ စိတ်ဝင်စား ဖွယ်အကောင်းဆုံးသော ခရီးစဉ်ဒေသ များအနက် တစ်ခုအပါအဝင်ဖြစ်လာ စေရန်အတွက် အဖွဲ့ဝင်နိုင်ငံ အသီးသီးရှိ ထူးခြားသော ယဉ်ကျေးမှု နှင့် ရိုးရာဓလေ့အစဉ်အလာများ၊ ရှေးဟောင်းအမွေအနှစ်များ တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်ထားရှိမှု၊ သဘာဝရှုမျှော်ခင်းများစသည့် ခရီးသွားလုပ်ငန်းအရင်းအမြစ်များကို ပိုမိုကျယ်ပြန့်စွာ မြှင့်တင်ကြေညာ သွားရန် လိုအပ်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် CLMV နိုင်ငံ များအကြား ရေရှည်တည်တံ့ပြီး တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်း ဆိုင်ရာ အတွေ့အကြုံကောင်းများ ဖလှယ်ရေးနှင့် CLMV ခရီးစဉ် ဒေသသည် နိုင်ငံတကာခရီးစဉ် ဒေသတစ်ခုအဖြစ် ရောက်ရှိလာစေ ရေးအတွက် ဆွေးနွေးသွားကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေး တွင် ၂ဝ၁၅ ခုနှစ် ဇွန် ၂၂ ရက်က နေပြည်တော်၌ ကျင်းပခဲ့သော 7th CLMV Summit နှင့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ကမ္ဘော ဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော 2nd CLMV ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးမှ ခရီး သွားလုပ်ငန်းနှင့် ဆက်စပ်သော ဆွေးနွေးချက်ရလဒ်များနှင့် စပ်လျဉ်း ၍ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ အသီးသီးဆွေးနွေးခဲ့ကြ သည်။
ထို့နောက် CLMV နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများက ဒေသ တွင်းခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးအတွက် သဘောတူ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ သည်။
အလားတူ CLMV ခရီးသွား လုပ်ငန်းအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား ယနေ့နံနက် ပိုင်းတွင် ကျင်းပရာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့ မှ ခရီးသွားလုပ်ငန်း အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးတင့်သွင်က သဘာပတိ အဖြစ် ဆောင်ရွက်သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ မှ ၂ဝ၁၅ ခုနှစ် ဇွန် ၂၂ ရက်က နေပြည်တော်၌ ကျင်းပခဲ့သော 7th CLMV Summit တွင် ခရီးသွား လုပ်ငန်းနှင့်ဆက်စပ်သော ဆွေးနွေး ချက်ရလဒ်များနှင့် ကမ္ဘောဒီးယား နိုင်ငံမှ ကိုယ်စားလှယ်က ကမ္ဘော ဒီးယားနိုင်ငံတွင် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့သော 2nd CLMV ခရီးသွားလုပ်ငန်းဝန်ကြီး များအစည်းအဝေး၏ ဆွေးနွေးချက် ရလဒ်များကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ CLMV နိုင်ငံများ ၏ ၂ဝ၁၃-၂ဝ၁၅ ခုနှစ် ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး စီမံချက်တွင်ပါရှိသော သတင်း အချက်အလက်နှင့် အတွေ့အကြုံ များဖလှယ်ရေး၊ ခရီးသွားလုပ်ငန်း ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုအရည် အသွေးမြှင့်တင်ရေးနှင့် အဆင့် သတ်မှတ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စသည့် အချက်များကို အသေးစိတ်ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ၂ဝ၁၆-၂ဝ၁၈ ခုနှစ် အတွက် CLMV နိုင်ငံများ၏ ခရီး သွားလုပ်ငန်း ပူးပေါင်းဆောင်ရွက် ရေး အနာဂတ်စီမံချက်များအဖြစ် ခရီးသွားလာမှုလွယ်ကူချောမွေ့စေ ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေး၊ ဒေသတွင်းအဖွဲ့အစည်း များနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင် စေရေး၊ နိုင်ငံတကာ အဖွဲ့အစည်း များ၊ ဘဏ္ဍာငွေကြေးဆိုင်ရာ အဖွဲ့ အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများ စသည့် တတိယအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းနှင့် တာဝန်သိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာ စေရေး စသည်ဖြင့် အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment