Wednesday, July 1, 2015

1.7.2015...ကြေးမုံ စာတည်းရှုထောင့်



 

အနည်းဆုံးအခကြေးငွေ

 

အလုပ်သမားများအတွက် လုပ်ခလစာသတ်မှတ်ချက်သည် ထိုအလုပ် သမားများ၏ ဘဝအတွက် အထူးအရေးကြီးသည့် အချက်ဖြစ်ပါသည်။ အလုပ်သမား၏ လူမှုဘဝရပ်တည်မှုနှင့် ရရှိသည့်လုပ်ခလစာ သင့်တင့်မျှတ ဆီလျော်မှုရှိမှသာ အလုပ်သမားများဘဝ အေးချမ်းသာယာနေမည် ဖြစ်သည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ အလုပ်သမားများ၏ လုပ်ခလစာနည်းပါးမှုကို အကြောင်းပြု၍ အချို့နေရာများတွင် တောင်းဆိုမှုများရှိနေသည်ကိုလည်း တွေ့ရသည်။ အလုပ်သမားများ၏ လုပ်ခလစာမှာ အာဆီယံနိုင်ငံများတွင် အနည်းဆုံးစာရင်းတွင် ပါဝင်နေသည်မှာလည်း အမှန်တကယ်ပင်ဖြစ်သည်။ အလုပ်ရှင်များဘက်က အတတ်နိုင်ဆုံးဖြည့်ဆည်း ပေးသော်လည်း အလုပ်သမားများ၏ ဘဝရပ်တည်မှုအတွက် လောက်င ဖူလုံမှုမှာ အမှန်လိုအပ်နေဆဲဖြစ်သည်။

အလုပ်ရှင်နှင့် အလုပ်သမားများအကြား လုပ်ခလစာပြဿနာမှာ အချိန်ကာလရှည်လျားစွာဖြင့် ဖြေရှင်းရခက်ခဲသော အခြေအနေများ ရှိနေသောကြောင့် မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန် ၂ဝ၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က အနည်းဆုံးအခကြေးငွေဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီးနောက် ထိုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် နည်းဥပဒေကို ဆက်လက်ထုတ်ပြန်ကြေညာပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ကာလရှည်ကြာ အဖြေရှာမရနိုင်သေးသော အလုပ်သမားများ၏ အနည်းဆုံးအခကြေးငွေအရေးကိစ္စများကို ဖြေရှင်းပေးနိုင်ရန်အတွက် ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်သော အနည်းဆုံးအခကြေးငွေဥပဒေနှင့် နည်းဥပဒေများအရ အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေးနိုင်ရန် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီများဖွဲ့စည်းခြင်း၊ ဒေသအလိုက် ဆွေးနွေးပွဲများကျင်းပခြင်း၊ စာရင်းကောက်ယူခြင်း၊ သုတေသနပြုခြင်း၊ အကြံပြုချက်နှင့် သဘောထားများတောင်းခံခြင်း စသည့် ပွင့်လင်းမြင်သာသော ဆောင်ရွက်မှုများကို ကဏ္ဍအလိုက် ပြုလုပ်ခဲ့ကြသည်ကို တွေ့ရပါသည်။

ထို့နောက် အဆိုပြုအနည်းဆုံးအခကြေးငွေ ထုတ်ပြန်ကြေညာချက်ကို ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ကာ ထိုအဆိုပြုချက်ကို အများကလက်ခံမည် ဆိုပါက အတည်ပြုအနည်းဆုံးအခကြေးငွေကို ထုတ်ပြန်ကြေညာပေးနိုင်မည် ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်များကို အဆင့်ဆင့်စနစ်တကျဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အလုပ်သမားများအတွက် သင့်လျော်သော ထိုက်သင့်သည့် အနည်းဆုံး အခကြေးငွေရရှိအောင် အမျိုးသားအဆင့်ကော်မတီက အများအကျိုးအတွက် ရှေးရှုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုအဆိုပြုချက်အရ မြန်မာနိုင်ငံရှိအလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ပေးသင့်သည့် အနည်းဆုံးအခကြေးငွေဖြစ်သည့် တစ်နာရီလျှင် ကျပ် ၄၅ဝ နှုန်းဖြင့် အလုပ်ချိန် ရှစ်နာရီ (တစ်ရက်)အတွက် ကျပ် ၃၆ဝဝ ရရှိနိုင်စေရန် ညှိနှိုင်းအဖြေရှာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်တွေ့ရှိရပါသည်။

သတ်မှတ်ထားသည့် အခကြေးငွေမှာ အလုပ်သမားအားလုံးကို ခြုံငုံဆောင်ရွက်ထားခြင်းမဟုတ်ဘဲ အလုပ်သမားများ၏ လုပ်ငန်းဆောင် ရွက်မှုအလိုက် အသေးစိတ်စီစဉ်ထားသည်ကို တွေ့ရပါသည်။ ကျား၊ မ တန်းတူမခွဲခြားဘဲ ခံစားပိုင်ခွင့်ရှိသည့်အပြင် အချိန်ပိုင်း၊ နာရီပိုင်းအလုပ် လုပ်ရသော အလုပ်သမားများအတွက်လည်း ခံစားခွင့်များရှိနေသည်ကို တွေ့ရပါသည်။

ထိုဥပဒေသည် အလုပ်သမားများအား တစ်ပြေးညီဖြစ်အောင် သတ်မှတ်လိုက်ခြင်းမဟုတ်ဘဲ လက်ရှိတွင် ထိုငွေထက်လျော့နည်းနေပါက ဥပဒေအရအတိုင်းခံစားခွင့်ရှိပြီး ပိုနေပါကလည်း ပိုမိုရရှိသော ငွေကြေးအတိုင်း ခံစားခွင့်ရှိနေပါသည်။ ထို့အပြင် ထိုအခကြေးငွေထက် အလုပ်ရှင် က ပို၍ပေးမည်ဆိုပါကလည်း ရရှိခံစားနိုင်သည့် အခွင့်အရေးများလည်း ရှိနေပါသည်။

ထို့ကြောင့် ထုတ်ပြန်ကြေညာခဲ့သော အဆိုပြုအနည်းဆုံးအခကြေး ငွေသည် အလုပ်ရှင်နှင့် အလုပ်သမားများအတွက် အတတ်နိုင်ဆုံး သင့်တင့်မျှတဆီလျော်ကိုက်ညီမှုရှိသော အခကြေးငွေဖြစ်သောကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများ နားလည်ကျေနပ်မှုရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။ ။

No comments:

Post a Comment