Wednesday, July 1, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ






The Mirror Daily's photo.
 


နေပြည်တော် ဇွန် ၃ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့်ထွက်ခွာရာ မွန်ဂိုလီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.L. Purevsuren ၊ မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယား သံအမတ်ကြီး H.E. Mr. Ch. Battumur ၊ မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ အာရှ-အရှေ့အလယ်ပိုင်းနှင့် အာဖရိကဌာန ညွှန်ကြားရေးမှူး Mr. N. Naranbat ၊ သံတမန်ရေးရာဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Chinggis Khan အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် နေပြည်တော်သို့ နံနက် ၁၁ နာရီခွဲတွင် ပြန်လည်ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်၊ ဒေါက်တာမြင့်အောင်၊ ဒေါက်တာကံဇော်၊ ဦးဌေးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ကိုကိုနိုင်နှင့် နေပြည်တော် ကောင်စီဝင် ဦးကံချွန်တို့ ပြန်လည်လိုက်ပါလာကြသည်။

မြန်မာ -မွန်ဂိုလီးယား သံတမန်ဆက်သွယ်မှုကို ၁၉၅၆ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် သာမန်ဆက်ဆံမှုသာရှိခဲ့သော်လည်း ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရသစ်တာဝန်ယူပြီးနောက်ပိုင်းတွင် ပိုမိုရင်းနှီးနွေးထွေးသည့် ဆက်ဆံမှုများရှိလာခဲ့ရာ မွန်ဂိုလီးယားနိုင်ငံ သမ္မတ မစ္စတာ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံသို့ မွန်ဂိုလီးယားနိုင်ငံ အကြီးအကဲတစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်ခဲ့သည်။

ထို့အတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအကြီးအကဲတစ်ဦး၏ ပထမဆုံးအကြိမ်အဖြစ် ၂ဝ၁၅ ခုနှစ် ဇွန် ၂၈ ရက်မှ ၃ဝ ရက်အထိ မွန်ဂိုလီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး အပြန်အလှန် သွားရောက်ခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း မွန်ဂိုလီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် လူမှုစီးပွား ပြုပြင်ပြောင်းလဲရေးကြိုးပမ်းအားထုတ်မှုများတွင် ဆက်လက်အားပေးထောက်ပံ့သွားရန် အသင့်ရှိကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲမှုကာလများအတွင်း တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများနှင့် သင်ခန်းစာများ မျှဝေရာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မွန်ဂိုလီးယားနိုင်ငံအနေဖြင့် ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပခြင်းဆိုင်ရာ အတွေ့အကြုံများကို ဖလှယ်သွားရန်နှင့် မွန်ဂိုလီးယားနိုင်ငံမှ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့များ မြန်မာနိုင်ငံသို့စေလွှတ်ရန် နှစ်ဖက်သက်ဆိုင်ရာ တာဝန်ရှိသူများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ၊ သတင်းအချက်အလက်နှင့် ကျွမ်းကျင်သူများဖလှယ်ရေး၊ ကုန်သွယ်ရေး၊ သတ္တုကဏ္ဍ၊ ကမ္ဘာလှည့်ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှုနှင့် စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝသယံဇာတများကို သင့်လျော်စွာ အသုံးချရေး၊ ဥပဒေရေးရာ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘူမိဗေဒဆိုင်ရာ တူးဖော်မှုတွင် ကျွမ်းကျင်မှုဖလှယ်ရေးနှင့် အရင်းအမြစ် တူးဖော်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေးလုပ်ငန်းစဉ် (EITI) မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်သွားရေးစသည့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို သဘောတူညီခဲ့ကြပြီး အောက်ပါစာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခဲ့ကြသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မွန်ဂိုလီးယားနိုင်ငံတို့အကြား ခရီးသွားလာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ သဘောတူညီချက်၊
(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တော်ကောင်စီနှင့် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့တော်ကောင်စီတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊
(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မွန်ဂိုလီးယားနိုင်ငံ အမျိုးသားကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းတို့အကြား နားလည်မှုစာချွန်လွှာ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မွန်ဂိုလီးယားနိုင်ငံတို့၏ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် လာမည့် ၂ဝ၁၆ ခုနှစ်တွင် နှစ်(၆ဝ) ပြည့် မြောက်မည်ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment